ခင်သန်းမြင့်

 

ယခုရက်ပိုင်း ဈေးထဲမှာ ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေက စိမ်းစိမ်းစိုစို လတ်လတ်ဆတ်ဆတ်နဲ့ ဝယ်ချင်စရာတွေချည်းပဲ။ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်၊ ခရမ်း၊ သခွား၊ မုန်လာ၊ ဘူး၊ ဖရုံ၊ ဘူးညွန့်၊ ဖရုံညွန့်၊ ပဲညွန့်၊   ကန်စွန်း၊ နံနံ၊ ပူဒီနာတွေ၊ ကန်စွန်းဥ၊ ပဲမြစ်၊ ဖရဲ၊ ထောပတ်၊ လိမ္မော်၊ ပန်းသီး စတဲ့အသီးအနှံတွေ၊ အသီးအရွက်တွေက မျိုးစုံအောင်ပါပဲ။

 

ပြာသို၊ တပို့တွဲ၊ တပေါင်း၊ တန်ခူးလတွေက မြန်မာပြည်ရဲ့ ကောက်ပဲသီးနှံတွေပေါ်ချိန်၊ မြေပေါ်သီးနှံ၊ မြေအောက်သစ်ဥသစ်ဖုတွေ အလျှံပယ်ထွက်တဲ့ ရာသီချိန်မဟုတ်လား။ ဒါ့အပြင် လူတွေစိုက်ပျိုး ပြုပြင်စရာမလိုတဲ့ တမာ၊ ခံတက်၊ ရင်းတိုက်၊ လဲလူ၊ မန်ကျည်း စတဲ့သက်ကြီးပင်တွေဆိုလည်း ရွက်ဟောင်း ကြွေညောင်း၊ ရွက်နုပြောင်းပြီဆိုရင်ဖြင့် စားလို့မကုန်၊ ခူးလို့မကုန်အောင်ပါ။ နှစ်စဉ်မှန်မှန် အဆင်သင့် ဆွတ်ခူးစားသုံးရုံပဲ။ တောနယ်တွေမှာဆိုရင် ရောင်းဝယ်ဖို့နေနေသာသာ ဘယ်သူ့အပင်၊ ဘယ်သူ့ ခြံကလို့တောင် မခွဲခြားဘူး။ တက်နိုင်သူ ခူးသွားပေ ရော့ပဲ။ တစ်နပ်စာပိုခူးခဲ့ဖို့တောင် လမ်းကြုံမှာလို့ ရပါသေးတယ်။

 

မြန်မာနိုင်ငံဆိုတာကလည်း အရှေ့တောင်အာရှမှာ အင်ဒိုနီးရှားပြီးရင် ဒုတိယအကြီးဆုံးနိုင်ငံ၊ မြေဆီဩဇာ ကလည်း  စိုက်လို့ပျိုးလို့  အင်မတန်ကောင်းတဲ့ မြေဆိုတော့ နိုင်ငံတစ်ဝန်းလုံး  သူ့ဒေသနဲ့သူ၊ သူ့ရာသီနဲ့သူ စိုက်လို့ပျိုးလို့ မဖြစ်ထွန်းတဲ့သီးနှံရယ်လို့ မရှိပါဘူး။

 

နိုင်ငံအတွက် ပြည်ပဝင်ငွေရှာပေးနိုင်

 

ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသက ဆန်စပါးနဲ့ အထက်အညာဒေသက ပဲမျိုးစုံသီးနှံတွေဆိုရင် ပြည်တွင်း စားသုံးမှုသာမက နိုင်ငံအတွက် ပြည်ပဝင်ငွေရှာပေးနိုင်တဲ့အထိပါပဲ။ တနင်္သာရီတိုင်းဒေသကြီး မှာဆို ဆီအုန်း၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်မှာ ရော်ဘာနဲ့ ဒူးရင်း၊ မင်းကွတ်စတဲ့ ဥယျာဉ်ခြံထွက် သီးနှံတွေ၊ ပြင်ဦးလွင်၊  ရွာငံ စတဲ့ဒေသတွေမှာ ကော်ဖီ၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်ထွက် လက်ဖက်၊ လိမ္မော်၊ ထောပတ်၊ ပန်းသီး၊ ရခိုင်ပြည်နယ်မှာ ငရုတ်ကောင်း စသဖြင့် ရေတွက်လို့ မကုန်နိုင်အောင်ပါ။ ဆန်စပါးဆိုရင် မြန်မာမျိုးရင်း ပေါ်ဆန်းမွှေးက ကမ္ဘာကျော်သလို အခုနောက်ပိုင်း ရွှေဘိုပေါ်ဆန်းဆိုလည်း ရန်ကုန်အပါအဝင် မြို့ကြီးပြကြီးတွေမှာ ရောင်းတမ်းဝင် ဈေးအမြင့်ဆုံးပါ။

 

စိုက်ပျိုးရေးကိုအခြေခံတဲ့နိုင်ငံပီပီ စိုက်ပျိုး မွေးမြူရေးလုပ်ငန်းတွေကို ကျွန်မတို့အားလုံး ဖိဖိစီးစီး အာရုံစိုက်ပြီး ကြိုးပမ်းလုပ်ဆောင်ကြမယ်ဆိုရင် နိုင်ငံတော်အတွက်လည်း စားရေရိက္ခာဖူလုံရုံသာမက နိုင်ငံ့ဝင်ငွေလည်း ယခုထက် ပိုမိုတိုးတက်လာမှာ အမှန်ပါပဲ။

 

ယခုနှစ်သစ်ကူးကာလအတွင်းမှာပဲ မြန်မာ့လယ်ယာထွက်ကုန်တွေကို ပြည်ပနိုင်ငံတွေရဲ့ ဝယ်လိုအား မြင့်တက်လာတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရတယ်။

 

၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့မှ ၂၂ ရက်နေ့အထိ ရက်သတ္တပတ်အတွင်း ပဲတီစိမ်း၊ မတ်ပဲ၊ ပဲစင်းငုံနဲ့ အခြားပဲမျိုးစုံ၊ နှမ်း၊ မြေပဲ၊ ဖရဲ၊ သခွား၊ သစ်သီးဝလံတွေ၊ ရော်ဘာစိမ်း၊ ကြက်သွန်နီ စတဲ့လယ်ယာထွက်ကုန်တွေ ပြည်ပနိုင်ငံတွေကို ပိုမိုတင်ပို့နိုင်ခဲ့တယ်လို့ ဆိုတယ်။

 

ပဲမျိုးစုံတန်ချိန် ၂၄၇၇၉ တန် တင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၂၁ သန်းကျော်ရရှိခဲ့ပြီး ပါကစ္စတန်၊ ထိုင်း၊ ယူအေအီး၊ ဗီယက်နမ်၊ ကနေဒါ၊ အမေရိကန်၊ ဂျပန်နိုင်ငံတွေကို အရင်ရက်သတ္တပတ်ထက် ပင်လယ်ရေကြောင်းက တင်ပို့မှုတွေ ပိုမိုတိုးတက်လာတယ်လို့သိရတယ်။ နှမ်းမျိုးစုံဆိုလည်း နှစ်သစ်ကူး ကာလအတွင်း ဝယ်လိုအားတွေမြင့်တက်နေပြီး တရုတ်နိုင်ငံကို အရင်အပတ်ထက် ပိုမိုတင်ပို့နိုင်ခဲ့တဲ့ အပြင် ဂျပန်၊ ထိုင်း၊ စင်ကာပူ၊ ထိုင်ဝမ် (တရုတ်တိုင်ပေ)တို့ကလည်း ဝယ်လိုအားများပြားလာတယ်လို့ ဆိုတယ်။ နှမ်းနက်တစ်တန်ကို အမေရိကန်ဒေါ်လာ ၁၃၈၀ မှ ၁၈၁၅ ဒေါ်လာအထိ ဈေးရရှိတယ်လို့ ဆိုပါတယ်။

 

၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့မှ ၂၂ ရက် နေ့အထိ မြန်မာနိုင်ငံက ပြည်ပဝယ်လက်နိုင်ငံ တွေကို ပို့ကုန် အမေရိကန်ဒေါ်လာ ၂၂၆ သန်းကျော် တင်ပို့နိုင်ခဲ့ရာမှာ လယ်ယာထွက်ကုန်ပစ္စည်းက ဒေါ်လာ ၇၂ သန်းကျော်၊ ရေထွက်ပစ္စည်းက ဒေါ်လာ ၁၆ သန်းကျော်နဲ့ စက်မှုကုန်ချောက ဒေါ်လာ ၁၆၆ သန်းကျော်ရရှိခဲ့တယ်လို့ သိရပါတယ်။

 

လယ်ယာထွက်ပစ္စည်းတင်ပို့မှုတစ်ခုတည်းက ဒေါ်လာ ၆၆ သန်းကျော်ရရှိ

 

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့မှ ဇန်နဝါရီလ ၅ ရက်နေ့အထိ ရက်သတ္တပတ်အတွင်းမှာ လည်း မြန်မာနိုင်ငံရဲ့ပြည်ပပို့ကုန်တန်ဖိုး အမေရိကန် ဒေါ်လာ ၂၃၄ သန်းကျော်အနက် လယ်ယာထွက်ပစ္စည်း တင်ပို့မှုတစ်ခုတည်းက ဒေါ်လာ ၆၆ သန်းကျော် ရရှိခဲ့တယ်လို့ သိရတယ်။

 

လယ်ယာကဏ္ဍက ပြောင်း၊ ပဲစင်းငုံ၊ ကုလားပဲ၊ ထောပတ်ပဲ၊ မြေပဲဆန်၊ နှမ်း၊ ကြက်သွန်နီ၊ ချင်းခြောက်၊ မန်ကျည်းသီး၊ သစ်သီးဝလံ၊ ဖရဲသီး၊ ထောပတ်သီး၊ လိမ္မော်သီး၊ တစ်သျှူးငှက်ပျောသီး၊ ငှက်ပျောသီး (ရိုးရိုး) တို့ကို ပိုမိုတင်ပို့နိုင်ခဲ့တယ်လို့လည်း ဆိုတယ်။

 

ဒါပေမဲ့ ဆင်ဟွာသတင်းဌာနရဲ့ထုတ်ပြန်ချက် အရဆိုရင်တော့ ကမ္ဘောဒီးယားနိုင်ငံက ၂၀၂၃ ခုနှစ် အတွင်း စိုက်ပျိုးရေးထွက်ကုန်တင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၄ ဒသမ ၃ ဘီလီယံ (သန်းပေါင်း လေးထောင်ကျော်) ရရှိခဲ့ပြီး တရုတ်၊ ဗီယက်နမ်နဲ့ ထိုင်းနိုင်ငံကို အဓိကတင်ပို့ခဲ့ရာမှာ တရုတ်နိုင်ငံက အဓိကဝယ်ယူခဲ့တယ်လို့ သိရတယ်။

 

မသိသူကျော်သွား၊ သိသူဖော်စားဆိုတဲ့စကားက မြန်မာနိုင်ငံအတွက်ပဲ ရည်ညွှန်းလေရော့သလားလို့ ကျွန်မဖြင့် ဖတ်ရင်းစဉ်းစားမိတယ်။ မြန်မာနိုင်ငံဆိုတာ ကမ္ဘာ့လူဦးရေအများဆုံး တရုတ်နဲ့ အိန္ဒိယနှစ်နိုင်ငံ ကြားမှာတည်ရှိတဲ့အပြင် ရာသီဥတုမျှတပြီး စိုက်လို့၊ ပျိုးလို့၊ မွေးလို့အင်မတန်ကောင်းတဲ့ နိုင်ငံဖြစ်လျက်သားနဲ့ အခွင့်ကောင်းတွေကို အရမယူနိုင်ဘဲ အကြိမ်ကြိမ်လွဲချော်ခဲ့တယ်။ လွဲချော်တယ်ဆိုတာထက် ပုတ်ချခဲ့တယ်လို့ ပြောရင် ပိုမှန်မယ်။

 

မြန်မာနိုင်ငံဟာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်း တစ်ခုတည်း ဖြစ်ထွန်းတာမဟုတ်ပါဘူး။ မြေပေါ် မြေအောက် သဘာဝသယံဇာတတွေလည်း ပေါကြွယ်ဝတယ်။ ရှည်လျားတဲ့ကမ်းရိုးတန်းတွေ၊ သာယာလှပတဲ့ သဘာဝ ရှုမျှော်ခင်းတွေနဲ့ ဘုရား၊ ပုထိုး၊ စေတီ စတဲ့ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေကြောင့် ကမ္ဘာက The Golden Land of Myanmar (ရွှေနိုင်ငံ)ရယ်လို့ တင်စားခဲ့ကြတဲ့နိုင်ငံ ဖြစ်ပါတယ်။

 

စီးပွားရှာစားလို့ရ

 

ကချင်ပြည်နယ်က ရေခဲတောင်တွေဟာ အရှေ့တောင်အာရှမှာ မြန်မာတစ်နိုင်ငံတည်းမှာ သာ တည်ရှိပါတယ်။ တနင်္သာရီတိုင်းဒေသကြီး မြိတ်ကျွန်းစုက ပင်လယ်ကမ်းခြေတွေဟာ ယခုတိုင် သဘာဝအတိုင်း မပျက်မယွင်းရှိနေဆဲပါ။ သံလွင်၊ ချင်းတွင်း၊ စစ်တောင်း၊ ရွှေလီမြစ်တို့ဟာ သူ့အလှနဲ့သူ ဧရာဝတီထဲကို ပေါင်းဆုံစီးဆင်းသလို တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးကလည်း သူ့အလှနဲ့သူ၊ သူ့အားသာချက်နဲ့သူ ပြည်ထောင်စုမြန်မာနိုင်ငံ အတွင်းမှာ စုစည်းတည်ရှိနေပါတယ်။ မြန်မာနိုင်ငံဟာ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း တစ်ခုတည်းနဲ့တင် ဒေသတွင်းနိုင်ငံတွေကြားမှာ အေးအေးဆေးဆေး ယပ်ခတ်ပြီး စီးပွားရှာစားလို့ရပါတယ်။

 

ဒါပေမဲ့ ဝမ်းနည်းစရာကောင်းတာကတော့ ဒီအခွင့်အလမ်းတွေကို အထက်ကပြောခဲ့သလိုပဲ ကျွန်မတို့ အခွင့်ကောင်းမယူနိုင်ခဲ့ကြပါဘူး။ လွတ်လပ် ရေးရပြီး နှစ်ပေါင်း ၇၀ ကျော်တဲ့အထိ အချင်းချင်းတိုက်လို့ ခိုက်လို့မပြီးနိုင်ကြတော့ဘူး။ အင်အားကြီး နှစ်နိုင်ငံကြားက ပထဝီနိုင်ငံရေးအားသာချက်ဟာ ပြည်တွင်း၊ ပြည်ပ ပယောဂမျိုးစုံကြောင့် ယခုတိုင် အချင်းချင်းစိတ်ဝမ်းကွဲပြီး ပထဝီနိုင်ငံရေးကျိန်စာ သင့်သလို ဖြစ်ခဲ့ရတယ်။

 

လက်ရှိကာလမှာဆိုရင် ပြည်ပနိုင်ငံကြီးအချို့ရဲ့ သွေးထိုးလှုံ့ဆော်မှုတွေနဲ့အတူ ဒေသစွဲ၊ လူမျိုးစွဲ အစွန်းရောက်နေတဲ့ အကြမ်းဖက်သောင်းကျန်းသူတွေဟာ ပြည်ထောင်စုကြီးပြိုကွဲအောင် လုပ်ဆောင် လာကြတယ်။ ပါဝါလေဟာနယ် ဖြစ်သွားတဲ့ဒေသအချို့မှာဆိုရင် အကြမ်းဖက်သောင်းကျန်းသူတွေဟာ လက်နက်အားကိုးနဲ့ ဒေသခံတိုင်းရင်းသားတွေအပေါ် အမိန့်အမျိုးမျိုးထုတ်ပြန်ပြီး အတင်းအဓမ္မ လူသစ် စုဆောင်းနေကြတဲ့အပြင် ဘုရားစေတီပုထိုးတွေ၊ ဗုဒ္ဓဆင်းတုတော်တွေကိုပါ ဖျက်ဆီးစော်ကားလာ ခဲ့ကြပါတယ်။

 

အကြမ်းဖက်သောင်းကျန်းသူတွေက အခုလို ဘုရားစေတီပုထိုးတွေ၊ ဗုဒ္ဓဆင်းတုတော်တွေကို ဖျက်ဆီးစော်ကား လာမှုအပေါ် မခံမရပ်နိုင်တဲ့ ဗုဒ္ဓဘာသာဝင်တိုင်းရင်းသားတွေ၊ ရဟန်းရှင်လူ ပြည်သူတွေက “ဗုဒ္ဓဘာသာဝင်များကိုးကွယ် အထွတ်အမြတ်ထားရာ ဘုရားစေတီပုထိုး၊ ဗုဒ္ဓဆင်းတုတော်များကို ဖျက်ဆီးနေသော ပြည်ဖျက်မိစ္ဆာသောင်းကျန်းသူများအား (ဆန့်ကျင်ကြ)”၊ “အမျိုးဘာသာသာသနာအား ဖျက်ဆီးနေသည့် အကြမ်းဖက်အဖွဲ့များ(အလိုမရှိ)”၊ “သာသနာကို ဖျက်ဆီးနေသော အကြမ်းဖက်သူများ (ကျရှုံးပါစေ)”၊ “ဘုရားစေတီပုထိုး၊ ဆင်းတုတော်များကို ဖျက်ဆီး နေသော ပြည်ဖျက်မိစ္ဆာသောင်းကျန်းသူများ (ကျရှုံးပါစေ)” စသည်ဖြင့် ကြွေးကြော်သံများ၊ ဆိုင်းဘုတ်များကိုင်ဆောင်ပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှာ ဆန္ဒထုတ်ဖော် ကန့်ကွက်ရှုတ်ချလျက်ရှိပါတယ်။ ဘာသာရေးအသင်းအဖွဲ့တွေ၊ လူမှုရေးအသင်းအဖွဲ့တွေကလည်း ကန့်ကွက်ရှုတ်ချတဲ့ သဘောထားကြေညာချက်တွေကို ဆက်တိုက်ထုတ်ပြန် လျက်ရှိပါတယ်။

 

ကန့်ကွက်ဆန္ဒပြခဲ့ကြ

 

မြန်မာပြည်သူတွေဟာ အမျိုးဘာသာသာသနာနဲ့ပတ်သက်လာရင် အခုမှမဟုတ်ပါဘူး။ ကိုလိုနီနယ်ချဲ့ အင်္ဂလိပ် လက်အောက်မှာတောင် အင်္ဂလိပ်လူမျိုး အပါအဝင် အနောက်ဥရောပသားတွေက ဗုဒ္ဓဘာသာ ဝင်တို့ အထွတ်အမြတ်ထားရာ ဘုရားစေတီပုထိုးများအပေါ် ဖိနပ်စီးတက်ကြလို့ ဗုဒ္ဓဘာသာကလျာဏ ယုဝ(YMBA) အသင်းကြီးက ဦးဆောင်ပြီး ကန့်ကွက် ဆန္ဒပြခဲ့ကြတဲ့အတွက် အဲဒီနောက်ပိုင်းမှာ ဘုရားစေတီ ပုထိုးတွေပေါ်ကို နယ်ချဲ့အင်္ဂလိပ်တွေ ဖိနပ်စီးပြီး မတက်ရဲကြတော့ပါဘူး။

 

ဒီလိုပြောလို့ ကျွန်မကိုဖြင့် ဘာသာရေးအစွန်း ရောက်နေသူတစ်ဦးလို့လည်းမထင်ပါနဲ့။ ကျွန်မတို့ ကိုးကွယ်ယုံကြည်တဲ့ဗုဒ္ဓဘာသာဟာ မဇ္ဈိမပဋိပဒါ အလယ်အလတ်လမ်းစဉ်ပါ။ ကာမဂုဏ်တို့၌ အဖန်တလဲလဲ မှီဝဲသုံးဆောင်ခြင်း၊ ခန္ဓာကိုယ်ကို ပင်ပန်းဆင်းရဲအောင်ကျင့်ခြင်းဆိုတဲ့ အစွန်းနှစ်ပါးကိုဖယ်ခွာပြီး မဇ္ဈိမပဋိပဒါ အလယ်အလတ်လမ်းစဉ်ဖြစ်တဲ့ မဂ္ဂင်ရှစ်ရပ် အကျင့်မြတ်ကို ကျင့်ကြံပွားများအားထုတ်ရတဲ့ ဘာသာဖြစ်ပါတယ်။ ဒီမိုကရေစီစံနှုန်းအရလည်း လွတ်လပ်စွာကိုးကွယ်ခွင့်အပေါ် ကျွန်မတို့ လေးစားအလေးထားပါတယ်။

 

သို့ပေမယ့် ပြည်ထောင်စုကိုဖြိုခွဲမယ့် အကြံအစည်၊ လုပ်ရပ်တွေ၊ ဘာသာသာသနာအပေါ် ဖျက်ဆီးစော်ကား တဲ့အပြုအမူလုပ်ရပ်တွေကိုတော့ ပြည်ထောင်စုကို ချစ်တဲ့သူတိုင်း၊ နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့ အကျိုးကိုလိုလားတဲ့ ပြည်ထောင်စုသားတိုင်းက ပြည်ထောင်စုစိတ်ဓာတ်အပြည့်နဲ့ ဆန့်ကျင်ကန့်ကွက်၊ ရှုတ်ချကြရမှာပါပဲ။ တစ်ခေတ်တစ်ခါက မြန်မာ့ရုပ်မြင် သံကြားမှာ အမြဲလွှင့်ထုတ်နေကျ ရတနာမြေအား လေးစားဆိုတဲ့ စာသားပါသီချင်းလိုပဲ “ဒီမြေပေါ်မှာ နေထိုင်ခဲ့တဲ့ ကျေးဇူးတရားကိုနားလည်ရင်း ရတနာ မြေအားလေးစား”ဆိုတဲ့အတိုင်း ကျွန်မတို့ ဘိုးဘွားတွေရဲ့အမွေ အဖိုးတန်မြေကို ကျွန်မတို့မှ တန်ဖိုးထား မလေးစားရင် ဘယ်သူကတန်ဖိုးထား လေးစားကြမှာလဲ။

 

နိုင်ငံတော်သီချင်းထဲက “ပြည်ထောင်စုကို အသက်ပေးလို့ တို့ကာကွယ်မလေ၊ ဒါတို့ပြည် ဒါ တို့မြေ၊ တို့ပိုင်တဲ့မြေ အဖိုးတန်မြေ”ဆိုတဲ့စာသားက မျိုးဆက်တွေအတွက် အလကားရေးစပ်ထားခဲ့တာမှမဟုတ်တာ။ တို့ဘိုးဘွား အမွေအနှစ်မို့ ပြည်ထောင်စုသားတိုင်း ချစ်မြတ်နိုးကြဖို့၊ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ကြဖို့ လိုအပ်တာပေါ့။