ခင်သန်းမြင့်

 

အသက်ကြီးလာလို့ထင်ပါရဲ့။ ကျွန်မဖြင့် အခုနောက်ပိုင်း မြန်မာသံစဉ် တေးသီချင်းတွေကို ပိုပြီးနှစ်သက်မြတ်နိုးလာတယ်။     နိုင်ငံကျော် အဆိုတော်ကြီးတွေဖြစ်ကြတဲ့     တင်တင်မြ၊ မာမာအေး၊   ရီရီသန့်၊   သုမောင်၊   ဝင်းဦး၊   စန္ဒရား လှထွဋ်၊ စန္ဒရားချစ်ဆွေ၊ တွံတေးသိန်းတန်၊ ဟင်္သာတ ထွန်းရင်တို့ရဲ့ တေးသီချင်းတွေ၊ နံနက်ခင်း မင်္ဂလာ တေးတွေ၊  ရေကင်းသံ၊  ဗြောသံ၊  စည်သံတွေကို  နားသောတဆင်ရတာ  ပိုပြီးနားဝင်ပီယံရှိလာတယ်။

 

မြန်မာဂီတအနုသုခုမရဲ့ အခြေခံသဘောကိုက သိမ်မွေ့ခြင်း၊ နူးညံ့ပျော့ပျောင်းခြင်း၊ အေးချမ်းသာယာခြင်း၊  စိတ်နှလုံးမွေ့လျော်ခြင်းစတဲ့ လက္ခဏာရှိလေတော့ သက်ကြီးရွယ်အိုတွေရဲ့ ငြိမ်းငြိမ်းချမ်းချမ်းနေလိုတဲ့ သဘောသဘာဝနဲ့ ထပ်တူကျ ထင်ဟပ်လို့နဲ့တူပါတယ်။ 

 

စည်းမျဉ်းစည်းကမ်း၊ ဥပဒေတွေကိုယ်စီနဲ့သတ်မှတ်

 

မြန်မာဂီတဆိုတာကလည်း ဆိုချင်သလိုဆို၊ စပ်ချင်သလိုစပ်၊ တီးချင်သလိုတီးလို့ရတဲ့ ဂီတအမျိုးအစားမှမဟုတ်တာ။ ရှေးရှေးကတည်းက စည်းမျဉ်းစည်းကမ်း၊ ဥပဒေတွေကိုယ်စီနဲ့ သတ်မှတ်ချက်ထားရှိပြီးသား။

 

သီချင်းကြီးဆိုလည်း သူ့စည်းသူ့ကမ်း သူ့ဘောင်နဲ့။ ဘောလယ်၊ ယိုးဒယားပတ်ပျိုး၊ ဘွဲ့၊ ရတု၊ ရကန်၊ ပျို့၊ လင်္ကာတို့ဆိုလည်း သူ့စပ်နည်း စပ်ဟန်၊ ရေးနည်းရေးဟန်၊ ဆိုနည်းဆိုဟန်တွေရှိကြတယ်။ ရတုနဲ့ရကန်မှာတောင် အသံတည်ပုံ၊ အသံအလေးအနက်၊ အတက်အကျ၊ အနိမ့်အမြင့် မတူဘဲ ကွဲပြားခြားနားမှုရှိတယ်လို့သိရတယ်။ ရှေးက ရှင်ဘုရင်ရှေ့တော်မှာဆိုရတဲ့ အဆိုရှင်တွေ ဆိုရင် သတ်မှတ်ပေးထားတဲ့ ဘောင်အတွင်းကကျော်ပြီး ဆိုခွင့်မရှိဘူး။ မဆိုတတ်လို့၊ မဆိုနိုင်လို့က အာဖဲ့ခြင်းခံရတယ်လို့ဆိုတယ်။

 

ဆိုင်းဝိုင်းဆိုလည်း အချို့က တဒုန်းဒုန်းတဒိုင်းဒိုင်းမြည်အောင်တီးမှ ဆိုင်းကောင်းလို့ ယူဆကြတယ်။ ဒါပေမဲ့ တကယ့်နားလည်တဲ့ ဝါသနာရှင်တွေ၊ ပညာရှင်တွေကတော့ လူအများနားခံသာစေဖို့ ငြိမ့်ငြိမ့်ညောင်းညောင်း သာယာနာပျော်ဖွယ် ဖြစ်အောင်၊ ပီသအောင် ကြေးကိုဦးစားပေးသင့်တဲ့ အခါပေး၊ မောင်းကို ဦးစားပေးသင့်ကပေး၊ နှဲကို ဦးစားပေးသင့်ကပေးပြီးတီးမှ တကယ့်ဆိုင်းဝိုင်းလို့ သတ်မှတ်ကြပါတယ်။ မြန်မာ့ဆိုင်းလောကမှာ နာမည်ကျော်ကြား ထင်ရှားခဲ့တဲ့ ဆိုင်းဆရာစိန်ဗေဒါဟာ ဆိုင်းကို မြည်အောင်တီးသူမဟုတ်ဘဲ ပီသအောင်တီးသူ ဖြစ်တယ်လို့ဆိုပါတယ်။ အလားတူ စိန်ဗိုလ်တင့်ဟာလည်း လူတကာစွဲမက်အောင် ပညာသားပါပါ တီးခတ်နိုင်ရုံမက တီထွင်မှုရှိပြီး လုံ့လဝီရိယ ကြီးသူလို့လည်း ထင်ရှားခဲ့ပါတယ်။

 

မြန်မာ့ဆိုင်းဝါသနာရှင်တွေကတော့ စိန်ဗေဒါ နဲ့ လေဘာတီမမြရင်တို့အတွဲညီသလို စိန်ဗိုလ်တင့်နဲ့ အမာစိန်တို့ကလည်း အတွဲညီတယ်လို့ ဆိုကြတယ်။ စိန်ဗိုလ်တင့်နဲ့ အမာစိန်တို့အတွဲဆိုရင် တစ်ခေတ်တစ်ခါက ရန်ကုန်လူထုတွေ ကြက်ပျံမကျ အားပေး ကြည့်ရှုခဲ့ကြတယ်ပေါ့။

 

မင်းသမီးဆိုလည်း ကိုယ်ပိုင်အသံနဲ့ဆိုတတ်မှ၊ ကကြိုးစုံအောင်ကတတ်မှ၊ အငြိမ့်မင်းသမီးဆိုလည်း ရည်းစားမျှော် အဆို၊ အကတတ်မှ။ မင်းသား ဆိုလည်း ဆိုတတ်၊ ငိုတတ်၊ ကတတ်ရုံမက ဇာတ်ရုပ် အသွင်ပေါ်အောင် အမူအရာကောင်းမှ။ ခွန်းထောက် ဆိုတတ်ရုံမျှ မင်းသားမဖြစ်၊ လက်မြှောက်တတ်ရုံမျှ နှင့် မင်းသမီးမဟုတ်လို့ ဆိုစကားရှိတယ်။ ရှေးအခေါ် လူပြက်ဆိုလည်း ယောကျ်ားတို့တတ်အပ်တဲ့ အတတ်ပညာတစ်ဆယ့်ရှစ်ရပ်ထဲမှာ တစ်ခုအပါ အဝင်ဖြစ်တဲ့ လူပြက်ပညာ၊ လူပြက်အတတ် ဝမ်းစာ ပြည့်ပါမှ ပရိသတ်ရဲ့အားပေးလက်ခံမှုကို ရကြတာ။

 

မတိမ်ကော၊ မပပျောက်စေဖို့ လက်ဆင့်ကမ်းသင်ကြား

 

မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပညာရပ်တွေ မတိမ်ကော၊ မပပျောက်စေဖို့ ပညာရှင်တွေကလည်း ဆရာစဉ် ဆရာဆက် လက်ဆင့်ကမ်းသင်ကြားပြီး ကျားကန်ပေးခဲ့သလို မျိုးချစ်စာပေပညာရှင်ကြီးတွေကလည်း အကြံပြု ဝေဖန်ထောက်ပြခဲ့ကြပါတယ်။

 

ဆရာကြီး သခင်အောင်ဖေက “ဘာပဲပြောပြော ဇာတ်၊ အငြိမ့်၊ သဘင်များ ခါးဆက်ပြတ်လုနီးနီး ဖြစ်ခဲ့ကြသည်။ အနုပညာမြတ်နိုးသူတို့က သတိရ၍ ခါးဆက်လုံးလုံးမပြတ်ခင် ဆက်ပေးသောကြောင့် ဝမ်းသာကြရသည်။ စင်စစ် မိရိုးဖလာက ဆင်းသက်လာသည့် အနုပညာ ဘာသာရပ်များ မတိမ်ကော မပပျောက်ရန် တာဝန်ကိုယ်စီရှိကြသည်။ ကျွန်ုပ်တို့သည် ရှိပြီးမိရိုးဖလာ၊ ရိုးရာယဉ်ကျေးမှုပညာရပ်များကို ပြုပြင်ပေးသင့်က ပြုပြင်ပေးရမည်။ သတိပြုရန်ကား အရိုးကိုအရွက် မဖုံးရပေ”လို့ အကြံပြုရေးသားခဲ့ပါတယ်။

 

အဆိုအက ထိုနှစ်ဝ

 

ဆရာမကြီး လူထုဒေါ်အမာကလည်း တစ်ခေတ်တစ်ခါက ထင်ရှားကျော်ကြားခဲ့ကြတဲ့ အနုပညာရှင်တွေအကြောင်းကို “ပြည်သူချစ်သော အနုပညာသည်များ”၊ “အောင်ဗလ၊ ဖိုးစိန်၊ စိန်ကတုံး၊ ရွှေမန်းတင်မောင်”ဆိုပြီး တခုတ်တရ မှတ်တမ်းတင်ရေးသားခဲ့ပါတယ်။ ဆရာမကြီးက “ဖတ်ဖူးသူတွေက ဒီစာအုပ်တွေကို ကျွန်မ ဒီလို ရေးနိုင်တာဟာ ကျွန်မကိုယ်တိုင် ကိုယ်နှိုက်က အဆို၊ အတီး၊ အကစတဲ့ ပညာတစ်ခုမဟုတ်တစ်ခု တော့ အနည်းဆုံးတတ်လိမ့်မယ်၊ ဒါကြောင့် ဒီလို ရေးနိုင်တာလို့ ထင်ကြပါသတဲ့။ ကျွန်မဘာကိုမျှ မတတ်ပါဘူး။ မယုံမရှိပါနဲ့ ကျွန်မရေးပြပါ့မယ်” ဆိုပြီး နေရှင်နယ်ကျောင်းသူဘဝ၊ နေရှင်နယ်ဒေး ကပွဲမှာ ဗန္ဓုလစစ်သူကြီးအဝတ်အစားနဲ့ ဓားလွတ် ကိုင်ပြီး ကြိမ်းဝါးတဲ့အခါ စာသားမေ့နေလို့ ချွေးပြန် ခဲ့ရပုံတွေ၊ သီချင်းဆိုတဲ့အခါ အဆိုနဲ့အသံ မကိုက် လို့ ရွာစားကြီးစိန်ဗေဒါ ချွေးပြန်ခဲ့ရပုံတွေ၊ ကိန္နရီ ယိမ်းကတဲ့အခါ ရှေ့က ကနေသူရဲ့ ထဘီအနားကို တက်နင်းမိလို့ ရှေ့ကသူခမျာ ဟပ်ထိုးဟပ်ထိုးနဲ့ ပုံပျက်ပန်းပျက်ဖြစ်ခဲ့ရပုံတွေကို “အဆို အက ထိုနှစ်ဝ” ခေါင်းစဉ်နဲ့ ရေးသားခဲ့ပါတယ်။

 

ဒါ့အပြင် ဆရာမကြီးလူထုဒေါ်အမာဟာ မြန်မာနိုင်ငံအတွင်းကို ထိုးဖောက်ဝင်ရောက်လာတဲ့ အနောက်တိုင်းယဉ်ကျေးမှု ပြဿနာနဲ့ ပတ်သက်ပြီး ကလေးတွေ အတွေးအမြင် မမှားရလေအောင် ၁၉၉၄ ခုနှစ် နိုဝင်ဘာလထုတ် မိုးဂျာနယ်မှာ “လူကြီးတွေက ဝိုင်းပြီးထိန်းသိမ်းကြပါဦးစို့”ဆိုတဲ့ ခေါင်းစဉ်နဲ့ဆောင်းပါးရေးသားခဲ့ပါတယ်။

 

ခေတ်အလိုနှင့်ညီညွတ်အောင် ပြုပြင်

 

ဆရာကြီးသိန်းဖေမြင့်ကတော့ မြန်မာ့ဇာတ်သဘင်ခေတ်သစ်ကို တည်ထောင်နိုင်ကြရန်ဆိုပြီး ဇာတ်သဘင်က တင်ပြသော အကြောင်းအရာများကို ခေတ်အလိုနှင့်ညီညွတ်အောင် ပြုပြင်ထိုက်လေပြီ။ တင်ပြသော အကြောင်းအရာတို့သည် ဇာတ်နိပါတ်၊ ရာဇဝင်တို့ဖြင့် ရောင့်ရဲမနေအပ်တော့ချေ။ ကာလပေါ်ဝတ္ထု၊ ပြဇာတ်နှင့် ရုပ်ရှင်တို့သည် ခုမျက်မှောက်ဖြစ်ပျက်ရင်းတို့ကို အခြေခံ၍ ဇာတ်ကွက်ဇာတ်လမ်း တည်ဆောက်သလို ကဇာတ်၏ ဇာတ်ကွက်ဇာတ်လမ်းများကို တည်‌ဆောက်ဖို့ လိုလေပြီ။

 

အက၊ အဆိုများတွင်လည်း ဦးဖိုးစိန် တိုးချဲ့တီထွင်ခဲ့သည့်နည်းအတိုင်း မြန်မာ့အမျိုးသားဟန် များကို မပျောက်စေဘဲ၊ အရိုးကိုအရွက်မဖုံးစေဘဲ၊ အတိတ်အစဉ်အလာများနှင့် အဆက်မပြတ်စေဘဲ၊ အမျိုးသားဟန်တို့နှင့် ခွကန့်လန့်မဖြစ်စေဘဲ အသစ်များဖြည့်ခြင်း၊ နိုင်ငံခြားမှခေတ်မီဟန်စနစ်များကို ငုံယူကာ အကသစ်၊ အဆိုသစ်၊ ဟန်သစ်များကို ထွင်ထိုက်လေပြီ။

 

ဒိုးပတ်၊ အိုးစည်စသော တောဓလေ့အကမျိုးကိုလည်း ပိုခေတ်စားအောင် ဇာတ်ခုံပေါ်မှာအားပေးသင့်၏။ အကြောင်းမူကား ထိုအကတို့သည် လူကိုအားတက်စေသည်။ ကြွစေသည်။ မြူးစေသည်။ ၎င်းပြင်လူထုကိုချစ်စေသည်။ ဥပမာ “ကောက်စိုက်ခြင်း” အကသည် တောင်သူလယ်သမားကို ချစ်စေ သည်။ ကောက်စိုက်ခြင်းအကလို လက်ဖက်ရွက် ခူးသည့်အကမျိုး၊ မြေတူး မြေပေါက် ရေကာတာ ဆောက်သည့်အကမျိုးကို တီထွင်ထိုက်၏။ ထိုအက မျိုးကိုကြည့်ရင်း ထိုအလုပ်ကိုလည်းကောင်း၊ ထိုအလုပ်သမားကိုလည်းကောင်း ချစ်လာစေသည်။

 

ဇာတ်ပြချိန်ကိုလည်း ပြင်ထိုက်လေပြီ။ တစ်ညလုံး မိုးအလင်းကသည့်စနစ်မှာ ဘယ်ဘက်က ကြည့်ကြည့်မကောင်း။ လူတိုင်းကလည်း မကောင်း ဟု ဝန်ခံကြသည်။ အချိန်တိုတိုနှင့် အရသာအပြည့် ပါအောင် ပြုပြင်အပ်ပေသည်။

 

အဝတ်တန်ဆာများကိုလည်း သင့်လျော်သလို ပြုပြင်သွားဖို့၊ နောက်ခံကား၊ ဆက်တင်အခမ်းအနား၊ မီးထိုးပုံ စသည်များလည်း ပြုပြင်သွားဖို့ ၁၉၅၃ ခုနှစ် က “ဇာတ်ဆရာဦးဖိုးစိန်” ဆောင်းပါးမှာ အကြံပြု ရေးသားသွားခဲ့ပါတယ်။

 

တစ်ဆက်တည်းမှာပဲ အထက်ဖော်ပြပါအချက် များအတိုင်း ပြုပြင်နိုင်မှသာ ဇာတ်သဘင်ခေတ်သစ်တစ်ခု ဖြစ်ပေါ်ပေလိမ့်မယ်၊ ဇာတ်သဘင်ဟာ မတိမ်ကောမပပျောက်ဘဲ တိုးတက်ထွန်းကားလိမ့်မယ်လို့လည်း ဆရာကြီးသိန်းဖေမြင့်က ဆိုပါတယ်။

 

သို့ပေမယ့် နောက်ပိုင်းကာလမှာ ကမ္ဘာကြီးဟာ ရွာကြီးတစ်ရွာလို ဖြစ်လာတဲ့အချိန်မှာတော့ ခေတ်အခြေအနေအရ နိုင်ငံငယ်တွေရဲ့ ကိုယ်ပိုင် ယဉ်ကျေးမှု ဝိသေသလက္ခဏာတွေဟာ အရိုးပေါ်အရွက်ဖုံးလာရုံမက အချို့ဆို ပျောက်ကွယ်ပျက်စီး လုနီးနီး ဖြစ်လာခဲ့ရပါတယ်။

 

ပျူခေတ်ကာလမှ သရေခေတ္တရာ၊ ပုဂံ၊ ပင်းယ၊ အင်းဝ၊ တောင်ငူ၊ ဟံသာဝတီ၊ ညောင်ရမ်း၊ ကုန်းဘောင်၊ ရတနာပုံစတဲ့ ခေတ်ကာလအဆက် ဆက် ကိုယ့်ထီးကိုယ့်နန်းနဲ့ ယဉ်ကျေးမှုထွန်းကားခဲ့တဲ့ မြန်မာနိုင်ငံမှာလည်း တိုင်းတစ်ပါး ယဉ်ကျေးမှုတွေ စိမ့်ဝင်ထိုးဖောက်ဝင်ရောက်ပျံ့နှံ့လာမှုနဲ့အတူ မိရိုးဖလာ မြန်မာ့ရိုးရာယဉ်ကျေးမှုပညာရပ်တွေ ဟာလည်း တဖြည်းဖြည်း အရိုးပေါ်အရွက်ဖုံးလာတယ်။ တိုင်းတစ်ပါးယဉ်ကျေးမှုအပေါ် အထင်ကြီး ပြီး ကိုယ့်ရိုးရာယဉ်ကျေးမှုအပေါ် အထင်သေးလာ ကြတယ်။ လေးစားမြတ်နိုးတန်ဖိုးထားမှုတွေ နည်းလာကြတယ်။

 

၁၉၈၈ ခုနှစ်နောက်ပိုင်း တပ်မတော်အစိုးရ လက်ထက်မှာတော့ မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်များ မပျောက်ပျက်ရအောင်၊ လျော့ပါးမသွားစေရအောင်၊ တိုင်းတစ်ပါးယဉ်ကျေးမှုများ ရောနှောလွှမ်းမိုးမသွားစေရအောင် မြန်မာ့ရိုးရာ ယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို ပညာရှင်ကြီးတွေရဲ့ အကြံဉာဏ်တွေ၊ ဦးဆောင်မှု တွေနဲ့ နှစ်စဉ်နှစ်တိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပပေးခဲ့ပါတယ်။ ပြိုင်ပွဲကြီးကနေ မျိုးဆက်သစ် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီး အနုပညာရှင်များစွာကိုလည်း မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။ အချို့ဆိုရင် အနုပညာနယ်ပယ်မှာ ထင်ရှား ကျော်ကြားသူတွေအဖြစ် ပေါ်ထွက်လာခဲ့ကြပါတယ်။

 

ပြီးခဲ့တဲ့ ဒီမိုကရေစီခေတ်ကာလမှာတော့ ခေတ်ရေစီးကြောင်းရဲ့ မျောပါမှုနဲ့အတူ မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဟာ သိပ်ခေတ်မစားတော့ဘဲ နောက်ရောက်သွားခဲ့ပါတယ်။

 

လက်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီခေတ်မှာတော့ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို နှစ်စဉ်မပျက်မကွက် ပြန်လည်ကျင်းပပေးလာတဲ့အတွက် ပြိုင်ပွဲကြီးဟာ တစ်ဖန်သက်ဝင်နိုးထလာခဲ့ပါတယ်။

 

မကြာမီမှာ (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို နိုင်ငံတော်အဆင့် စည်ကားသိုက်မြိုက်စွာကျင်းပပါတော့မယ်။ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် ပြိုင်ပွဲတွေရဲ့ အခြေခံပညာအဆင့်၊ အဆင့်မြင့် ပညာအဆင့်၊ ဝါသနာရှင်အဆင့် စတဲ့ပြိုင်ပွဲတွေမှာ ဆုရရှိခဲ့ကြတဲ့ မျိုးဆက်သစ်အနုပညာရှင် အသီး သီးဟာလည်း တိုင်းဒေသကြီး၊ ပြည်နယ်ကိုယ်စား ပြုပြီး မကြာမီဝင်ရောက်ယှဉ်ပြိုင်ကြပါတော့မယ်။

 

၂၀၂၃ ခုနှစ် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို နိုင်ငံတော်က “အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေး လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်း စောင့်ရှောက်ရေး၊ တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအနုပညာ အမွေအနှစ်များနှင့် အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်စေရန် ဖော်ထုတ်၊ ထိန်းသိမ်းမြှင့်တင်ရေး၊ မျိုးဆက်သစ်လူငယ်များအကြားတွင် ရိုးရာ ယဉ်ကျေးမှုအမွေအနှစ်များကို ဖော်ထုတ်ထိန်းသိမ်းခြင်းနှင့်ထပ်တူ အမျိုးသားရေးစိတ်ဓာတ်များ ပိုမိုထွန်းကား ပြန့်ပွားစေရေး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် ရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့အတွက် အမျိုးသားယဉ်ကျေးမှုအခန်းကဏ္ဍမှ တစ်တပ် တစ်အား ပူးပေါင်းပါဝင်ဆောင်ရွက်ရေး”ဆိုတဲ့ ဦးတည်ချက်(၄)ရပ်နဲ့အညီ ကျင်းပသွားမယ်လို့ သိရပါတယ်။

 

မကြာမီကာလမှာ မျိုးဆက်သစ်တွေရဲ့အဆို၊ အက၊ အရေး၊ အတီးဆိုတဲ့ မြန်မာ့အနုသုခုမစွမ်းရည် တွေကို မြန်မာ့ရုပ်မြင်သံကြားမှတစ်ဆင့် ကျွန်မတို့ အကဲဖြတ် ရှုစားအားပေးကြရပါတော့မယ်။

 

နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုးအဖို့ နိုင်ငံရေး၊ စီးပွားရေးတို့က အရေးကြီးသလို ယဉ်ကျေးမှုကလည်း အရေးကြီးတယ် မဟုတ်ပါလား။ အိန္ဒိယ ခေါင်းဆောင်ကြီးနေရူးက အာရှတောင်ပိုင်းမှာ အိန္ဒိယယဉ်ကျေးမှုတွေ ပြန့်ပွားခဲ့ပုံတွေကို အထူး နှစ်ထောင်းအားရမိကြောင်း သူရေးတဲ့ Discovery of India စာအုပ်မှာဖော်ပြခဲ့သလို ခေတ်အဆက်ဆက် ယဉ်ကျေးမှုအမွေအနှစ်တွေ ထွန်းကားခဲ့တဲ့ ကျွန်မတို့ မြန်မာနိုင်ငံအနေနဲ့လည်း ကိုယ့်ရဲ့မိရိုးဖလာ ကိုယ်ပိုင်ယဉ်ကျေးမှု အမွေအနှစ်တွေကို မပြန့်ပွားရင်နေ၊ မတိမ်ကော၊ မပပျောက်အောင်ထိန်းသိမ်းစောင့်ရှောက်ဖို့တော့လိုတာပေါ့။