ကလျာမိုးမြင့်

ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် ဂျူအန်ဂွိုက်ဒိုဟာ ကရာကတ်မြို့ကို ပြန်ရောက်ရှိလာခဲ့ပြီဖြစ်ပြီး ၎င်းကိုထောက်ခံသူ ထောင်ပေါင်းများစွာဟာ ဂွိုက်ဒို ပြန်ရောက်လာတာကို သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြပါတယ်။ ဗင်နီဇွဲလား တရားရုံးချုပ်က ဂွိုက်ဒိုကို နိုင်ငံတကာ အကူအညီတွေ ရယူမှုနဲ့ပတ်သက်လို့ နိုင်ငံအတွင်းကနေ ထွက်ခွာခွင့် ပိတ်ပင်လိုက်ပြီးနောက်မှာ ၎င်းကိုဖမ်းဆီးမှုနဲ့ ရင်ဆိုင်ရဖွယ်ရှိနေပါတယ်။

ထောက်ခံသူကိုယ်စီရှိ

၎င်းတို့ကခြိမ်းခြောက်နေပေမယ့်လည်း ကျွန်ုပ်တို့ကတော့ အခုဒီကို ရောက်နေပြီ။ ကျွန်ုပ်တို့ရဲ့ မျက်နှာတွေကို ဗင်နီဇွဲလားဆီ လာပြနေပြီလို့ ၎င်းက လူအုပ်ကြီးကို ပြောလိုက်ပါတယ်။ အတိုက်အခံအဖွဲ့ ဦးဆောင်တဲ့ အောက်လွှတ်တော်ဥက္ကဋ္ဌ မစ္စတာဂွိုက်ဒိုဟာ မိမိကိုယ်ကို ဗင်နီဇွဲလားရဲ့ ယာယီသမ္မတအဖြစ် ကြေညာထားသူဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ် မေလမှာ ပြန်လည်ရွေးကောက်ခံခဲ့ရတဲ့ သမ္မတမာဒူရိုဟာ တရားမဝင်ဘူးလို့ နိုင်ငံပေါင်း ၅၀ ကျော်က ယူဆထားပြီး အတိုက်အခံခေါင်းဆောင် ဂွိုက်ဒိုကို ထောက်ခံနေကြပေမယ့်လို့ သမ္မတမာဒူရို ကတော့ သူသာလျှင် တရားဝင်သမ္မတဖြစ်တယ်လို့ ငြင်းဆန်နေပြီး တရုတ်၊ ရုရှားနဲ့ ကျူးဘားရဲ့ ထောက်ခံမှုကို အခိုင်အမာ ရရှိထားပါတယ်။

လူမှုကွန်ရက်ကို အသုံးပြုခဲ့

ဆိုင်မွန်ဘိုလီဘာ နိုင်ငံတကာလေဆိပ်မှာ မစ္စတာဂွိုက်ဒိုကို အမေရိကန်နဲ့ ဥရောပသမဂ္ဂ နိုင်ငံတွေက သံအမတ်ကြီးတွေက ကြိုဆိုခဲ့ကြပြီး ၎င်းကို ထောက်ခံတဲ့လူအုပ်ကြီးက ဂွိုက်ဒို ရဲ့အမည်ကို ကြွေးကြော်နေပါတယ်။ အဲဒီနောက်မှာ မစ္စတာဂွိုက်ဒိုဟာ အစိုးရကိုဆန့် ကျင်တဲ့ လူထုစုဝေးမှုတစ်ခုမှာ မိန့်ခွန်းပြောဖို့အတွက် ကရာကက်မြို့အရှေ့ပိုင်း လက်စ်မာစီ ဒီးစ် ဒေသရှိ နေရာတစ်ခုဆီကို ထွက်ခွာခဲ့ပါတယ်။ နိုင်ငံပြင်ပမှာရှိနေစဉ် ၎င်းရဲ့လူတွေ အတူတကွစုဝေးဖို့ လူမှုကွန်ရက် မီဒီယာကို အသုံးပြုပြီး တိုက်တွန်းခဲ့ပါတယ်။

ကွင်းဆက်ပြတ်နေ

၎င်းပြန်မလာမီမှာ ဖမ်းဆီးအကျဉ်းချခံရဖို့ ခြိမ်းခြောက်ခံခဲ့ရပြီးနောက် လေဆိပ်ကိုပြန် လာချိန်မှာတော့ ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့ကြတယ်လို့ ဆိုပါတယ်။ လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်တွေဆိုရင် လေဆိပ်မှာ ၎င်းကိုကြိုဆိုပါတယ်။ သမ္မတကြီးလို့တောင် နှုတ်ဆက်ခဲ့ကြသေးတယ်လို့ ဂွိုက်ဒိုက ပြောပြခဲ့ပါတယ်။ ခြိမ်းခြောက်တာတွေ ဖြစ်လာပြီးတဲ့ နောက် တစ်ယောက်ယောက်က အမိန့်တွေကို မလိုက်နာခဲ့ဘူး။ လူတော်တော်များများကလည်း လိုက်နာခြင်းမရှိဘူး။ အစိုးရလုံခြုံရေး တပ်ဖွဲ့အတွင်းမှာ အမိန့်ပေးအပ်ညွှန်ကြားမှုတွေ ကွင်းဆက်ပြတ်နေပြီလို့ ဂွိုက်ဒိုက ၎င်းကို ထောက်ခံသူ လူအုပ်ကြီးကို ပြောကြားလိုက် ပါတယ်။ လာမယ့်စနေနေ့မှာ တစ်နိုင်လုံးအတိုင်းအတာနဲ့ ဆနန္ဒပြပွဲတွေ ပြုလုပ်ကြဖို့လည်း တိုက် တွန်းထားပါတယ်။

စနေနေ့ရောက်တဲ့အခါ လမ်းတွေပေါ် ကျွန်ုပ်တို့ ဆက်လက်ချီတက်မယ်။ ဗင်နီဇွဲလား ပြည်သူတွေအားလုံး လမ်းတွေပေါ် နေရာပြန်ယူပြီး ၎င်းတို့ရဲ့ လွတ်လပ်ခွင့်အတွက် လှုပ်ရှားဖို့ ဆုံးဖြတ် ချက်ချမယ်။ လွတ်မြောက်ခွင့်ဆိုတာကို မရသရွေ့ တစ်စက္ကန့်လေးတောင် အနားမယူဘူးလို့ လူထုကို တိုက်တွန်းခဲ့ပါတယ်။ အဲဒီနောက်မှာတော့ နိုင်ငံအတွင်း လူသားချင်း စာနာထောက်ထားမှု အကူအညီအထောက်အပံ့တွေ မဝင်ရောက်နိုင်အောင် တားဆီးပိတ်ဆို့ဖို့ ဗင်နီဇွဲလားတပ်မတော်ရဲ့ ကြိုးပမ်းမှုအတွင်း နှစ်ဖက်ရုန်းရင်းဆန်ခတ် ဖြစ်ပွားမှုတွေကြောင့် သေဆုံးခဲ့ရတဲ့ သူတွေကို ဂွိုက်ဒို က ဂါရဝပြုခဲ့ပါတယ်။

အတိုက်အခံပြန်ရောက်လာမှုက မာဒူရိုကို အကျဉ်းအကျပ် ဖြစ်စေ

ဂျူအန်ဂွိုက်ဒို လိုက်ပါလာတဲ့ကားဟာ လူထု စုဝေးချီတက်လာတဲ့ လမ်းတွေဆီ သွားနေပြီး ၎င်းစင်မြင့်ပေါ် နေရာယူလိုက်ချိန်မှာ ၎င်းပြန် ရောက်လာတာကို ကြိုဆိုနေတဲ့ အသံတွေဟာ နားကွဲမတတ် ဆူညံနေပါတယ်။ လူအုပ်ထဲရောက် နေတဲ့အချိန်မှာ သင့်အနေနဲ့ အမေရိကန်ဦးဆောင်တဲ့ စစ်ရေးအရ ကြားဝင်စွက်ဖက်မှုဆီကနေ ပဋိပက္ခကို ငြိမ်းချမ်းစွာနဲ့ ညှိနှိုင်းဆွေးနွေးပြီး ဖြေရှင်းမှုဆီ ရောက်ရှိလာဖို့ မစ္စတာဂွိုက်ဒို နောက် ထပ်ဘာလုပ်သင့်တယ်ဆိုတာနဲ့ ပတ်သက်ပြီး ပြင်းထန်တဲ့ ရပ်တည်မှု အခြေအနေနှစ်ခုကို ကြုံရ နိုင်ပါတယ်။ သို့သော်လည်း ၎င်းတို့အားလုံး တစ်ခဲနက် သဘောတူနေတဲ့ အရာကတော့ သမ္မတမာဒူရို အာဏာကို လက်လွှတ်လိုက်ဖို့ပါပဲ

မစ္စတာမာဒူရိုအနေနဲ့ ကြည့်မယ်ဆိုရင်တော့ ၎င်းဟာ ခက်ခဲတဲ့ အနေအထားတစ်ခုတည်း ကျရောက်နေတာကို တွေ့ရမှာဖြစ်ပါတယ်။ တရားရုံးချုပ်ရဲ့ ခရီးသွားလာခွင့် ပိတ်ပင်မှုနဲ့ ၎င်းရဲ့အစိုးရအဖွဲ့ အပေါ်မှာ ဂွိုက်ဒိုက ပမာမခန့်လုပ်နေတာကို စောင့်ကြည့်နေခဲ့ရပါတယ်။ နိုင်ငံကနေ ထွက်ခွာသွားတဲ့အတွက် အတိုက်အခံကို ဖမ်းဆီးမလား၊ မဖမ်းဆီး ဘူးလားဆိုတာကို ဆုံးဖြတ်ရမှာဖြစ်ပြီး ဒီလိုလုပ်ရင်ဖြစ်လာမယ့် အကျိုးဆက်က ပြင်းထန်လိမ့်မယ်လို့ အကြိမ်ကြိမ်သတိပေးထားတဲ့ အမေရိကန် ကိုလည်း ၎င်းက သတိထားရဦးမှာဖြစ်ပါတယ်။

ဂွိုက်ဒိုကိုဖမ်းဆီးခဲ့ရင်ဘာဖြစ်မလဲ

အတိုက်အခံခေါင်းဆောင် မစ္စတာဂွိုက်ဒိုကို ဖမ်းဆီးလိုက်ရင် လူထုဆူပူမှု အကြီးအကျယ် ဖြစ်လာနိုင်ပါတယ်။ တနင်္လာနေ့က ၎င်းပြန်မလာမီ အချိန်ပိုင်းလေးအတွင်းမှာ အမေရိကန်ဒုတိယ သမ္မတမိုက်ပန့်စ်က မစ္စတာဂွိုက်ဒိုအပေါ် ကျရောက်လာမယ့် ဘယ်ခြိမ်းခြောက်မှုကိုမှ သည်းခံမှာမဟုတ်သလို အန္တရာယ်ပြုလာရင်လည်း ချက်ချင်းလက်ငင်း တုံ့ပြန်မှာဖြစ်တယ်လို့ သမ္မတမာဒူရို ကို သတိပေးလိုက်ပါတယ်။ အဲဒီအချက်ကိုပဲ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီအိုကလည်း နောက်ပိုင်းမှာ ထပ်မံပြောဆိုလာပြီး ဒေသအတွင်းမှာ မစ္စတာဂွိုက်ဒိုရဲ့ သံတမန်နည်းအရ ကြိုးပမ်းမှု အောင်မြင်ခဲ့ခြင်းနဲ့ ဗင်နီဇွဲလားသို့ ကောင်းကောင်းမွန်မွန် ပြန်လည်ရောက်ရှိလာခြင်းအတွက် ချီးကျူးဂုဏ်ပြုလိုက်တယ်လို့ သိရ ပါတယ်။

ဒီမိုကရေစီစနစ်ဆီ ပြန်လည်ခေါ်ဆောင်မည်

အမေရိကန်နဲ့ က္ဘာတစ်ဝန်းက လွတ်လပ်မှုကို မြတ်နိုးတဲ့နိုင်ငံတွေဟာ ယာယီသမ္မတဂွိုက်ဒို ဘက်မှာ ရပ်တည်နေပြီး အောက်လွှတ်တော်နဲ့တကွ ဒီမိုကရက်တစ် အင်အားစုတွေအားလုံးက ဗင်နီဇွဲလားနိုင်ငံကို ဒီမိုကရေစီစနစ်ဆီ ပြန်လည် ခေါ်ဆောင်လာမယ့် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ကျင်းပနိုင်ဖို့ အလုပ်လုပ် နေကြပါတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေ အနေနဲ့လည်း အတူတကွ စုစည်းညီညွတ်ကြပြီး သမ္မတမာဒူရိုရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ အုပ်ချုပ်မှုစနစ်ကျဆုံးဖို့နဲ့ ငြိမ်းချမ်းတဲ့ ဒီမိုကရေစီစနစ် ရှင်သန်ပေါက်ဖွားနိုင်ဖို့ လုပ်ဆောင်ကြရမှာ ဖြစ်တယ်လို့ ၎င်းက တိုက်တွန်းခဲ့ပါတယ်။

လီမာအုပ်စုသတိပေ

ဗင်နီဇွဲလားပဋိပက္ခကို ကိုင်တွယ် ဆောင်ရွက်ဖို့ ဖွဲ့စည်းထားတဲ့ အနောက်နိုင်ငံ ၁၄ နိုင်ငံပါဝင်သောအဖွဲ့ ဖြစ်တဲ့ Lima Group သံတမန်တွေက မစ္စတာဂွိုက်ဒိုရဲ့အသက် အန္တရာယ်နဲ့ ပတ်သက်ပြီး ဆိုးဆိုးရွားရွား ခြိမ်းခြောက်မှုတွေရှိခဲ့တယ်လို့ ဆိုပါတယ်။ မစ္စတာဂွိုက်ဒိုနဲ့ ၎င်းရဲ့ဇနီးကို ပြင်းပြင်းထန်ထန် ထိခိုက်လာစေမယ်ဆိုရင် တရားဥပဒေအရရော၊ နိုင်ငံရေးယန္တရားအရပါ နည်းလမ်းမျိုးစုံနဲ့ ရင်ဆိုင်ရမယ်လို့ လီမာအဖွဲ့က သတိပေး ထားပါတယ်။ သမ္မတနီကိုးလပ်စ်မာဒူရိုအပေါ် နိုင်ငံတကာက ပေးလာတဲ့ဖိအားတွေ တစ်စထက်တစ်စ တိုးပွားလာပေမယ့်လည်း ဗင်နီဇွဲလား သမ္မတဟာ ၎င်းကို ရာထူးကနေဆင်းဖို့ တောင်းဆိုမှုမှန်သမျှကို မသိကျိုးကျွန် ပြုနေဆဲဖြစ်သလို ဒီလိုတိုက်တွန်းလာတဲ့ သူတွေကို အာဏာသိမ်းဖို့ ကြံစည်နေတဲ့သူတွေအဖြစ် စွပ်စွဲလျက်ရှိပြီး အစိုးရကို သစ္စာခံသူတွေကလည်း တရားစီရင်ရေးကို ထိန်းချုပ်ထားဆဲဖြစ်ပါတယ်။ အစိုးရဟာ အမေရိကန်ရဲ့ အရေးယူပိတ်ဆို့မှုတွေကိုလည်း ထပ်မံရင်ဆိုင်ရဖို့ ရှိနေပါတယ်။ ။

ကိုးကား- အေအက်ဖ်ပီ၊ ဘီဘီစီ