၂၂ ဒီဇင်ဘာ
မြန်မာ ယူ-၂၂ လက်ရွေးစင်တိုက်စစ်မှူး အောင်ကောင်းမာန်သည် ထိုင်းလိဂ်-၂ ကလပ် ခွန်ကန်ယူနိုက်တက်အသင်းသို့ ရာသီဝက်အငှားစာချုပ်ဖြင့် ပြောင်းရွှေ့သွားပြီဖြစ်သည်။
ထိုင်းလိဂ်-၂ ပြိုင်ပွဲ အမှတ်ပေးဇယားထိပ်ပိုင်းတွင် ရပ်တည်နေသည့် ခွန်ကန်ယူနိုက်တက်အသင်းသည် ရာသီဝက်အပြောင်းအရွှေ့ကာလတွင် ကစားသမားသစ်များ အားဖြည့်လျက်ရှိပြီး တိုက်စစ်ပိုင်းအတွက် အောင်ကောင်းမာန်ကို ခေါ်ယူခဲ့ခြင်းဖြစ်သည်။ အောင်ကောင်းမာန်သည် ယခုနှစ်ဆန်းပိုင်းတွင် ထိုင်းကလပ်များတွင် သွားရောက်ကစားခဲ့ပြီး ပထမအကျော့ကာလတွင် ထိုင်းလိဂ်-၁ ကလပ် ထရတ်အသင်း၊ ထိုင်းလိဂ်-၂ ကလပ် လမ်ပန်အသင်းတို့တွင် ကစားပြီးနောက် ထိုင်းလိဂ်-၂ ကလပ်အသင်းဖြစ်သည့် ခွန်ကန်ယူနိုက်တက်အသင်းသို့ ထပ်မံပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။ အောင်ကောင်းမာန်သည် ၂၀၁၉ ဆီးဂိမ်းပြိုင်ပွဲ ကြေးတံဆိပ်ဆုရ မြန်မာ ယူ-၂၂ အသင်းနှင့်အတူ ခြေစွမ်းပြနိုင်ခဲ့သည့်ကစားသမားဖြစ်ပြီး ယင်းပြိုင်ပွဲအပြီးတွင် ပြည်ပကလပ်အသင်းများ၏ စိတ်ဝင်စားခြင်းကို ခံခဲ့ရသည်။
ခွန်ကန်ယူနိုက်တက်အသင်းသည် ထိုင်းလိဂ်-၂ ပြိုင်ပွဲ ပထမအကျော့အပြီးတွင် အမှတ်ပေးဇယား တတိယနေရာ၌ ရပ်တည်နေပြီး ထိုင်းလိဂ်-၁ ပြိုင်ပွဲသို့ တန်းတက်ခွင့်ရရန် မျှော်လင့်နိုင်သည့် အသင်းလည်း ဖြစ်သည်။
သတင်း- ညီမြတ်သော်တာ
ဓာတ်ပုံ- ခွန်ကန်အသင်း