အာဆင်နယ်အသင်းအနေဖြင့် ယခုနွေရာသီကစားသမား အပြောင်းအရွှေ့ ဈေးကွက် ကာလအတွင်းတွင် တိုက်စစ်မှူး အူဘာမီယန်အား ရောင်းချသွားရန် အစီအစဉ်မရှိကြောင်း အာဆင်နယ်အသင်းမန်နေဂျာ အမ်မရီက အတည်ပြု ပြောဆိုလိုက်သည်။

မန်ယူအသင်းသည် ဒေါ့မွန်တိုက်စစ်မှူးဟောင်း အူဘာမီယန်အား ယခု နွေရာသီအတွင်းတွင် ခေါ်ယူရန် ဆက်သွယ်မှုများပြုလုပ်လျက်ရှိပြီး အူဘာမီယန်အား ခေါ်ယူရေးအတွက် ပြောင်းရွှေ့ကြေး ပေါင် ၆၂ သန်းဖြင့် ကမ်းလှမ်းမှုပြုလုပ် ထားသည်ဟု ပြီးခဲ့သည့် သီတင်းပတ်အတွင်းက သတင်းများ ထွက်ပေါ်လာခဲ့သည်။

ပြင်သစ်နိုင်ငံဖွား ဂါဘွန်တိုက်စစ်မှူး အူဘာမီယန် (၂၈ နှစ်) သည် ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၃၁ ရက်တွင် ဒေါ့မွန်မှာ အာဆင်နယ်အသင်းသို့ အာဆင်နယ်အသင်း၏ ကလပ်စံချိန် တင်ပြောင်းရွှေ့ကြေးပေါင် ၅၆ သန်း ဖြင့် ပြောင်းရွှေ့လာသူ ဖြစ်သည်။ တိုက်စစ်မှူး အူဘာမီယန်သည် ပြီးခဲ့သည့် ၂၀၁၈-၁၉ ယခုနှစ် ဘောလုံး ရာသီတွင် အာဆင်နယ်အသင်းအတွက် စုစုပေါင်း ၅၁ ပွဲ ပါဝင်ကစားခဲ့ကာ ၃၁ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့သူဖြစ်သည်။

မန်နေဂျာ အမ်မရီက အာဆင်နယ်အသင်းသည် တိုက်စစ်မှူး အူဘာမီယန်အား အသင်းမှ ထွက်ခွာခွင့်ပြုထားသည်ဟု သတင်းများ ထွက်ပေါ်နေခြင်းကို ငြင်းဆိုခဲ့ပြီး “အူဘာမီယန်ကို ရောင်းချသွားဖို့ဆိုတာက ကျွန်တော်တို့အတွေးထဲမှာ လုံးဝမရှိတဲ့အရာ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းမှာ အူဘာမီယန်ရှိနေတာကို ကျွန်တော်တို့ အလွန်ပျော်ရွှင်ရပါတယ်။ သူ့ကို ရောင်းချဖို့ လုံးဝဆန္ဒမရှိပါဘူး” ဟု ပြောဆိုခဲ့သည်။

တိုက်စစ်မှူး အူဘာမီယန်သည် ပြီးခဲ့သည့် ဇူလိုင် ၂၄ ရက်တွင် ရီးရဲ မက်ဒရစ် အသင်းနှင့် ကစားခဲ့သော International Champions Cup  ပွဲစဉ် တွင် ကစားဖော် တိုက်စစ်မှူး လာကာဇက်တီ၏ ဖန်တီးပေးမှုမှတစ်ဆင့် ဂိုးတစ်ဂိုး သွင်းယူပေးနိုင်ခဲ့သူ ဖြစ်သည်။ အူဘာမီယန်နှင့် လာကာဇက်တီတို့၏ တိုက်စစ် အတွဲအဖက်နှင့်ပတ်သက်၍ မန်နေဂျာ အမ်မရီက “အူဘာမီယန်နဲ့ လာကာဇက်တီတို့ဟာ အချင်းချင်း အကောင်းဆုံး ဖြည့်ဆည်းကူညီပေးနိုင်စွမ်းရှိတယ်။ အာဆင်နယ်အသင်းမှာ အူဘာမီယန် ရှိနေခြင်းကြောင့် တိုက်စစ်ကို ပုံစံအမျိုးမျိုးနဲ့ တည်ဆောက်ဖို့ အခွင့်အရေးကောင်း ရှိနေတယ်။ ဘာကြောင့်လဲဆိုတော့ အူဘာမီယန်ဟာ အထောင် တိုက်စစ်ကစားသမားအဖြစ် ကစားနိုင်စွမ်းရှိသလို တိုက်စစ်မှူး နှစ်ဦးတွဲဖက် အသုံးပြုတဲ့ ပုံစံမှာလည်း အကောင်းဆုံး ကစားနိုင်သူ ဖြစ်ပါတယ်။ သူဟာ ဘယ်တောင်ပံနဲ့ ညာတောင်ပံတွေမှာ ကစားနိုင်သူလည်း ဖြစ်ပါတယ်” ဟု ဆက်လက်ပြောဆိုခဲ့သည်။

ထက်အောင်