ပီအက်စ်ဂျီအသင်းနဲ့ လိုရီးယန့်အသင်းတို့ ဧပြီ ၃ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပြင်သစ်ပထမတန်း ဖလားပြိုင်ပွဲ ပွဲစဉ်(၃၀)မှာ ပီအက်စ်ဂျီ အသင်းဟာ တိုက်စစ်မှူး နေမာ၊ အမ်ဘတ်ပီနဲ့ မက်ဆီတို့ရဲ့ သွင်းဂိုးတွေနဲ့ လိုရီးယန့်အသင်းကို ငါးဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

အဲဒီပွဲစဉ်မှာ ပီအက်စ်ဂျီအသင်းအတွက် သွင်းဂိုးတွေကို ပွဲကစားချိန် ၁၂ မိနစ်နဲ့ မိနစ် ၉၀ မှာ တိုက်စစ်မှူး နေမာက နှစ်ဂိုး၊ ၂၈ မိနစ်နဲ့ ၆၇ မိနစ်တို့မှာ တိုက်စစ်မှူး အမ်ဘတ်ပီက နှစ်ဂိုး နဲ့ ၇၃ မိနစ်မှာ တိုက်စစ်မှူး နေမာက တစ်ဂိုး အသီးသီးသွင်းယူပေးခဲ့တာဖြစ်ပြီး ဧည့်သည်အဖြစ် လာရောက် ကစားခဲ့ရတဲ့ လိုရီးယန့်အသင်းအတွက် ချေပဂိုးတစ်ဂိုးကိုတော့ ပွဲကစားချိန် ၅၆ မိနစ်မှာ မော့ဖီက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

အခုပွဲစဉ်မှာ ပီအက်စ်ဂျီအသင်းနဲ့အတူ သွင်းဂိုးနှစ်ဂိုး သွင်းယူပေးနိုင်ခဲ့တဲ့ တိုက်စစ်မှူး အမ်ဘတ်ပီဟာ အခုနှစ် ဘောလုံးရာသီမှာ ပီအက်စ်ဂျီအသင်းအတွက် သွင်းယူခဲ့တဲ့ ပြင်သစ်ပထမတန်းဖလားပြိုင်ပွဲရဲ့ ၁၇ ဂိုးမြောက် သွင်းဂိုးလည်း ဖြစ်လာခဲ့ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ လိုရီးယန့်အသင်းကို အနိုင်ရရှိခဲ့တာကြောင့် ပြင်သစ်ပထမတန်းပွဲစဉ် (၃၀) ကစားပြီးချိန်မှာ ရမှတ်စုစုပေါင်း ၆၈ မှတ် ရရှိထားတာကြောင့် အဆင့်(၂)နေရာက ရမှတ်စုစုပေါင်း ၅၆ မှတ်ရရှိထားတဲ့ မားဆေးလ်အသင်းကို ၁၂ မှတ်အထိ ဖြတ်ကာ အမှတ်ပေးဇယားထိပ်ဆုံးမှာ ဆက်လက် ဦးဆောင်ခွင့်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

အခြားသော ပြင်သစ်ပထမတန်း ပွဲစဉ်တွေမှာ စထရာစဘောအသင်းက လန်းစ်အသင်းကို တစ်ဂိုး-ဂိုးမရှိ၊ နန့်တက်စ်အသင်းက ကလာမွန့်အသင်းကို သုံးဂိုး-နှစ်ဂိုး၊ မိုနာကိုအသင်းက မက်ဇ်အသင်းကို နှစ်ဂိုး-တစ်ဂိုး၊ ဘရက်စ်အသင်းက မောင့်ပယ်လီအသင်းကို နှစ်ဂိုး-တစ်ဂိုး၊ မာဆေးလ်အသင်းက စိန့်အက်စ်တီယန်အသင်းကို လေးဂိုး-နှစ်ဂိုး၊ ထရွိုင်းယက်စ်အသင်းက ရိမ်းစ်အသင်းကို တစ်ဂိုး-ဂိုးမရှိ၊ လိုင်ယွန်အသင်းက အန်ဂါအသင်းကို သုံးဂိုး-နှစ်ဂိုးစသဖြင့် အသီးသီးအနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ငွေကြယ်