၁၇  မတ်

လတ်တလောမှာ တိုကျိုအိုလံပစ်အားကစားပွဲတွေနဲ့ ပတ်သက်ပြီး ဂျပန်နိုင်ငံမှာ သံသယတွေ မြင့်မားလာပါတယ်။ အဲဒါကတော့ ဘာလဲဆိုရင် တိုကျိုအိုလံပစ်အားကစားပွဲတွေကို သတ်မှတ်ထားတဲ့အတိုင်း ကျင်းပမလား၊ ဒါမှမဟုတ် ရွှေ့ဆိုင်းမလား၊ ဖျက်သိမ်းမလား။ ဘယ်လိုမျိုး လုပ်ဆောင်သွားမလဲ ဆိုတဲ့အပေါ် ဝိရောဓိတွေ ဖြစ်နေပါတယ်။ ကိုဗစ်-၁၉လို့ အမည်ပေးထားတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာလည်း ကမ္ဘာ့ကပ်ရောဂါအသွင် ပေါ်ပေါက်လာခဲ့ပြီ ဖြစ်ပါတယ်။

စိုးရိမ်ပူပန်လျက်ရှိ

ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘေးနဲ့ နိုင်ငံတကာ အိုလံပစ်ကော်မတီအကြီးအကဲ သောမက်စ်ဘာ့ဂျ်ကတော့ အိုလံပစ်ပွဲတွေကို စီစဉ်ထားတဲ့အတိုင်း ကျင်းပမှာဖြစ်ကြောင်း မကြာခဏထပ်တလဲလဲ ပြောဆိုနေကြပြီး အိုလံပစ် မီးရှူးတိုင်ကို သတ်မှတ်ထားတဲ့အတိုင်း ဇူလိုင် ၂၄ ရက်မှာ မီးထွန်းညှိဖို့ကိုလည်း စိတ်အားထက်သန်လျက် ရှိပါတယ်။

သို့သော်လည်း ပရီးမီးယားလိဂ်မှသည် ကမ္ဘာကျော် အင်န်ဘီအေ ဘတ်စကတ်ဘော အားကစားပွဲများအထိ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖျက်သိမ်းခဲ့ရတဲ့ အခြေအနေများရှိနေတော့ အခုအိုလံပစ်အားကစားပွဲကိုလည်း ကျင်းပရကောင်းမလား၊ နောက်ဆုတ်ရကောင်းမလား ဆိုတဲ့အပေါ် သံသယတွေဖြစ်ပေါ် နေတာတော့ မဆန်းပါဘူး။ ထို့အတူ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ အိုလံပစ်အားကစားပွဲတော်တွေကို မကျင်းပဖို့ အကြံပြုထားပါတယ်။

ဂျပန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာပေါင်း ၈၁၄ ဦးရှိပြီး ၂၄ ဦးကတော့ အဲဒီရောဂါကြောင့် သေဆုံးခဲ့ပါတယ်။ သို့သော်လည်း တိုကျိုမြို့နေ ပြည်သူတချို့ကတော့ နိုင်ငံရပ်ခြားကနေလာရောက်မယ့် ကိုရိုနာဗိုင်းရပ်စ် ပါလာနိုင်တဲ့ နိုင်ငံခြားသားတွေနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်လျက်ရှိပါတယ်။

ဆန့်ကျင်

အင်တာနက် ကုမ္ပဏီမှာအလုပ်လုပ်နေတဲ့ အသက် ၂၇ နှစ်အရွယ် ကိုကိုမီရာကတော့ ဂျပန်နိုင်ငံအနေနဲ့ ကိုရိုနာဗိုင်းရပ်စ် အကျပ်အတည်းကို ကျော်လွှားနိုင်တယ်ဆိုရင်တောင်မှ ကမ္ဘာ့နိုင်ငံများမှ လာရောက်မယ့် နိုင်ငံခြားသားတွေကို လက်သင့်မခံသင့်ဘူးလို့ ပြောကြားလိုက်ပါတယ်။ “ကျွန်တော့် အထင်ကတော့ အိုလံပစ် အားကစားပွဲတော်ကြီးကို မကျင်းပရင်ကောင်းမယ်ထင်တယ် လို့ သူက ဆက်ပြောပါတယ်။

ပြည်သူတွေရဲ့ အသက်ကို မစတေးနိုင်ဘူးလို့ မီရာက ထပ်မံပြောကြား လိုက်ပါတယ်။ ဒါမှမဟုတ်လည်း အိုလံပစ်အားကစားပွဲတွေကို ရွေ့ဆိုင်းသင့်တယ်လို့ သူ့အမြင်ကို ပြောပါတယ်။ အိုလံပစ်အားကစားပွဲတော် ကျင်းပရေးနဲ့ ပတ်သက်ပြီး ပြည်သူတွေရဲ့ အမြင်ကတော့ လက်ရှိအစိုးရ သဘောထားနဲ့ ဆန့်ကျင်လျက်ရှိပါတယ်။ အင်န်အိတ်ချ်ကေရဲ့ ပြည်သူ့သဘောထားအမြင်စစ်တမ်းတွေအရ ပြည်သူ ၄၀ ရာခိုင်နှုန်း၌ အိုလံပစ် အားကစားပြိုင်ပွဲကိုကျင်းပဖို့ အခွင့်အရေးပေးခဲ့သော်လည်း ပြည်သူ ၄၅ ရာခိုင်နှုန်းကတော့ အိုလံပစ် အားကစားပြိုင်ပွဲကို စီစဉ်ထားတာထက်စော ကျင်းပဖို့ကို ဆန့်ကျင်ခဲ့ပါတယ်။

ဆောင်ရွက်သွားမယ်

တိုကျိုမြို့တော်ဝန် ယူရီကိုကိုကဲက အိုလံပစ်အားကစားပြိုင်ပွဲကို ဖျက်သိမ်းဖို့ဆိုတာ မစဉ်းစားဝံ့တဲ့ ကိစ္စဖြစ်ပါတယ်။ သို့သော်လည်း နိုင်ငံတကာ အိုလံပစ်ကော်မတီပေါ်တွင်သာ မူတည်နေပါတယ်လို့ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အရေးပေါ်ဆွေးနွေးပွဲတစ်ခုကို နိုင်ငံတကာ အားကစားအဖွဲ့ချုပ်နဲ့ မတ် ၁၇ ရက်မှာ ဆွေးနွေးဖို့ရှိတယ်လို့ နိုင်ငံတကာအိုလံပစ်ကော်မတီရဲ့ ထုတ်ပြန်ကြေညာချက်အရ သိရပါတယ်။

နိုင်ငံတကာ အိုလံပစ်ကော်မတီအကြီးအကဲ သောမက်စ်ဘာ့ဂျ်က နိုင်ငံတကာ အိုလံပစ်ကော်မတီအနေနဲ့ အိုလံပစ်အားကစားပွဲတွေကို ရွှေ့ဆိုင်းရမလား၊ မရွှေ့ဆိုင်းရဘူးလားဆိုတာနဲ့ ပတ်သက်ပြီး ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးရဲ့ ထောက်ခံချက်တွေအတိုင်း လိုက်နာသွားမှာဖြစ်တယ်လို့ ပြောပါတယ်။ အရည်အချင်းမီတဲ့ အားကစားပွဲတွေကို ဖျက်သိမ်းဖို့ပြုရေး၊ မပြုရေးဟာ အရေးကြီးတဲ့ ကိစ္စရပ်တစ်ခုဖြစ်တယ်လို့ ပြောပါတယ်။

မတ်လအစောပိုင်းမှာ နိုင်ငံတကာအိုလံပစ်ကော်မတီအနေနဲ့ တိုကျိုအိုလံပစ် အားကစားပြိုင်ပွဲကျင်းပဖို့နဲ့ အားကစားသမားတွေ ဆက်လက်ပြင်ဆင်ရေး၊ မပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး အဆင်သင့်ဖြစ်၊ မဖြစ်အပေါ် ကြည့်ရှုဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ကူးစက်ပျံ့နှံ့

အိုလံပစ်အားကစားပြိုင်ပွဲကို တစ်နှစ်ရွှေ့ဆိုင်းလိုက်တာ အကောင်းဆုံးဖြစ်မယ်လို့ ကျွန်တော်ထင်တယ်ဟု အသက် ၉၀ အရွယ်ရှိ ပင်စင်စားတစ်ဦးဖြစ်သူ မာဆွတ်ဆူဂါဝါရာက ပြောကြားလိုက်ပါတယ်။ ဒါက ဖြစ်လာမယ်ဆိုရင် တကယ့်ကိုခက်ခဲမှုတွေ ဖြစ်ပေါ်စေနိုင်တယ်လို့ သူကဆက်ပြောပါတယ်။

အိုလံပစ် အားကစားပြိုင်ပွဲတွေအပေါ် စိတ်ပူတဲ့ အသက် ၄၅ နှစ်အရွယ် ဂျပန်-ဂျာမန်ကပြားတစ်ဦးကတော့ ကျွန်တော်တို့အနေနဲ့ တကယ့်ကို ဂရုစိုက်ဖို့ လိုတယ်လို့ ပြောကြားလိုက်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို ဇွန်၊ ဇူလိုင်လလောက်အထိ မထိန်းချုပ်နိုင်ဘူးဆိုရင် ဒီအိုလံပစ် အားကစားပြိုင်ပွဲကို ရွှေ့ဆိုင်းသင့်တယ်လို့လည်း နိုင်ငံသားတစ်ဦးဖြစ်တဲ့ အော့တိုက ပြောပါတယ်။ ဒါပေမယ့်လည်း အခုလို စိုးရိမ်ပူပန်မှုမျိုး တစ်ခါမှမခံစားရဘူးလို့ အသက် ၉၀ အရွယ် ဆူဂါဝါရာက ပြောပါတယ်။

အခုဆိုရင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကြောင့် ကမ္ဘာတစ်ဝန်း အတည်ပြုလူနာပေါင်း ၁၅၃၅၁၇ ဦးအထိ ရောက်ရှိလာပြီး ကိုရိုနာဗိုင်းရပ်စ်ကြောင့် ၅၇၃၅ ဦး သေဆုံးခဲ့ပြီးဖြစ်ပါတယ်။ ထို့အတူ ကိုရိုနာဗိုင်းရပ်စ်ဟာ အခုဆိုရင် နိုင်ငံပေါင်း ၁၄၄ နိုင်ငံအထိ ကူးစက်ပျံ့နှံ့လို့ လာခဲ့ပါပြီ။

စိတ်ဝင်စားစရာကောင်းလာ

လွန်ခဲ့တဲ့နှစ် ဒီဇင်ဘာနှောင်းပိုင်းက တရုတ်နိုင်ငံအလယ်ပိုင်း ကုန်းတွင်းပိုင်းမြို့ဖြစ်တဲ့ ဝူဟန်မြို့ကနေ စတင်ဖြစ်ပွားလာတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုး အသစ်ကြောင့် ယနေ့အချိန်မှာတော့ ကူးစက်ခံရသူအရေအတွက်ဟာ သိန်းဂဏန်းတောင်ကျော်ခဲ့ပါပြီ။ အခုအခါမှာတော့ ကမ္ဘာ့ကပ်ရောဂါအဖြစ် ကြေညာလိုက်ရပါပြီ။

တရုတ်နိုင်ငံအလယ်ပိုင်း ဟူပေပြည်နယ်ရဲ့ စက်မှုမြို့တော်ဖြစ်တဲ့ ဝူဟန်မြို့မှာရှိတဲ့ ကျန်းမာရေး အာဏာပိုင်တွေဟာ လွန်ခဲ့တဲ့နှစ် ဒီဇင်ဘာ ၈ ရက်နေ့မှာ ဖျားနာမှုပုံစံသစ်တစ်မျိုးကို ပထမဆုံးတွေ့ရှိခဲ့ပါတယ်။ ဒီဇင်ဘာ ၃၁ ရက်မှာ တရုတ်နိုင်ငံဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကို ဝူဟန်မြို့မှာ အဆုတ်ရောင်ရောဂါတစ်မျိုး ဖြစ်ပွားနေတယ်ဆိုပြီး အသိပေးခဲ့ပါတယ်။ ကူးစက်ပြန့်ပွားမှုတွေဟာ ဝူဟန်ဈေးက စတင်ဖြစ်ပွားခဲ့တယ်လို့ ခြေရာကောက်နိုင်ခဲ့ပါတယ်။ အဲဒီနောက် ဝူဟန်ဈေးကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁ ရက်မှာ ပိတ်လိုက်ပါတယ်။ ကူးစက်မှုတွေလည်း မြင့်တက်လာခဲ့ပါတယ်။

အဲဒီကူးစက်မှုတွေကို သေချာလေ့လာပြီးနောက် တရုတ်ကျန်းမာရေးအာဏာပိုင်တွေက ဇန်နဝါရီ ၇ ရက်နေ့မှာတော့ ကိုရိုနာဗိုင်းရပ်စ်မိသားစုမှ ပေါက်ဖွားလာတဲ့ ကိုရိုနာဗိုင်းရပ်စ်သစ် တစ်မျိုးအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ သူ့ကို ၂၀၁၉ နိုဗယ်ကိုရိုနာ ဗိုင်းရပ်စ်လို့ အမည်ပေးခဲ့ကြပါတယ်။ အခုဆိုရင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကြောင့် ဂျပန်အိုလံပစ်အားကစားပွဲတော်ကြီး ဘယ်လိုဖြစ်လာ မလဲဆိုတာ စိတ်ဝင်စားစရာကောင်းလာပါပြီ။ ။

ကိုးကား - အေအက်ဖ်ပီ

ထွန်းသစ်