တိုကျိုအိုလံပစ်အမျိုးသမီးဘောလုံး ဆွီဒင်နှင့် အမေရိကန် နောက်တစ်ဆင့်တက်

တိုကျိုအိုလံပစ်ပြိုင်ပွဲ အမျိုးသမီးဘောလုံးပွဲစဉ် (၃) အဖြစ် အုပ်စု (G) မှ နာမည်ကြီး အမေရိကန်အသင်း နှင့် ဩစတြေးလျအသင်း၊ နယူးဇီလန်အသင်းနှင့် ဆွီဒင်အသင်းတို့ ပွဲစဉ်ကို ဇူလိုင် ၂၇ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာ အမေရိကန်နှင့် ဩစတြေးလျအသင်း တို့ပွဲစဉ်တွင် ဂိုးမရှိသရေကျခဲ့ပြီး ဆွီဒင် အသင်းက နယူးဇီလန်အသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

ထို့ကြောင့် အမေရိကန်အသင်းသည် အုပ်စု (၆) တွင် သုံးပွဲကစား ပြီး တစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ တစ်ပွဲရှုံး နယူးဇီလန်အသင်းနှင့်ရမှတ် လေးမှတ်တူ ဂိုးကွာခြားချက်ဖြင့် ဒုတိယနေရာတွင် ရပ်တည်ကာ

နောက်တစ်ဆင့် တက်ရောက်နိုင်ခဲ့သည်။ အဆိုပါ အုပ်စုတွင် သုံးပွဲ ကစားသုံးစွဲနိုင် ရမှတ် ကိုးမှတ်နှင့် အတူ ဆွီဒင်အသင်းက အုပ်စုပထမဖြင့် နောက်တစ်ဆင့် တက်ရောက်နိုင်ခဲ့သည်။ ယနေ့ ပွဲစဉ်တွင်  အမေရိကန်အသင်းကို ဝါရင့်ကစားသမားများဖြစ်သည့် အဲလက်စ်မော်ဂန်၊ မီဂန်ရာပင်နိုးတို့က ဦးဆောင်လာခဲ့သည်။ ပြိုင်ဘက် ဩစတြေးလျအသင်းကလည်း ယနေ့ ပွဲစဉ်တွင် အမေရိကန်အသင်းကို အနိုင်ရရှိခဲ့ပါက နောက်တစ်ဆင့်တက်ရောက်နိုင်ရန်အတွက် ကာပင်တာ၊ ကား၊ ဖောင်လာ၊ လိုဂါဇို စသည့် အဓိက ကစားသမား အများစုဖြင့် ပွဲထွက်လာခဲ့သည်။

ပွဲချိန် ခုနစ်မိနစ်တွင် အမေရိကန်အသင်းမှ အဲလက်စ်မော်ဂန် ဂိုးရရှိနိုင်လောက်သည့် အခွင့်အရေးရရှိ ခဲ့သော်လည်း ဂိုးအဖြစ်ပြောင်းလဲနိုင်ခြင်း မရှိသောကြောင့် အမေရိကန်အသင်း နစ်နာခဲ့ရသည်။ ယနေ့ ပွဲစဉ်တွင်ဩစတြေးလျ အသင်းသည် အမေရိကန်အသင်းအပေါ်  ဖိအားပေးကစားနိုင်ခဲ့သော်လည်း အဆုံးသတ်မသေချာမှု၊ အမေရိကန် ဂိုးသမား လက်စွမ်းပြ ကာကွယ်ထားနိုင်မှုတို့ကြောင့် သွင်းဂိုးများ မမြင် တွေ့ခဲ့ရခြင်းဖြစ်သည်။ ပွဲချိန်ဒုတိယပိုင်းတွင် ကစားကွက်အပြောင်းအလဲအဖြစ် နှစ်သင်းစလုံး လူစားလဲမှုများ ပြုလုပ်လာခဲ့သော်လည်း လိုအပ်နေသည့် ဂိုးများကို သွင်းယူနိုင်ခြင်းမရှိဘဲ ဂိုးမရှိသရေ ဖြင့် အဆုံး သတ်ခဲ့ခြင်းဖြစ်သည်။

အုပ်စု (F)မှ ဘရာဇီးနှင့် ဇမ်ဘီယာအသင်းတို့ ပွဲစဉ်တွင် ဘရာဇီးအသင်းက တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင် ရရှိပြီး နောက်တစ်ဆင့်သို့  တက်ရောက်နိုင်ခဲ့သလို နယ်သာလန်အသင်းကလည်း တရုတ်အသင်းကို ရှစ်ဂိုး- နှစ်ဂိုးဖြင့် အနိုင်ရရှိပြီး နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။

အုပ်စု (B) မှ ကနေဒါနှင့် ဂရိတ်ဗြိတိန်အသင်းတို့ပွဲစဉ်တွင် တစ်ဖက် တစ်ဂိုးစီ သရေကျခဲ့သော်လည်း နှစ်သင်းစလုံး ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည်။

ကွာတားဖိုင်နယ်တွင် ကနေဒါအသင်းက ဘရာဇီးအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ဆွီဒင် အသင်းက ဂျပန်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ဂရိတ်ဗြိတိန်အသင်းက ဩစတြေးလျ အသင်းနှင့် တွေ့ဆုံနေကာ နယ်သာလန်အသင်းက အမေရိကန်အသင်းနှင့် တွေ့ဆုံနေသည်။ အဆိုပါ တိုကျိုအိုလံပစ်ပြိုင်ပွဲ အမျိုးသမီးဘောလုံးပွဲစဉ် ကွာတားဖိုင်နယ်ပွဲစဉ်များကို ဇူလိုင် ၃၀ ရက်တွင်  ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။

အောင်ဇော်