တိုကျိုဆောက်လုပ်ရေးလုပ်ငန်းခွင်၌ ကားကရိန်းပြိုလဲမှုဖြစ်ပွား တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

မေ ၁၆

ဂျပန်နိုင်ငံ တိုကျိုမြို့တော်  ရှင်နာဂါဝါရပ်ကွက် ဘိုးဘွားရိပ်သာအဆောက်အဦ တည်ဆောက်ရေး လုပ်ငန်းခွင်တွင် ယနေ့မနက်ပိုင်းက ယာဉ်သုံးစီးပေါ်သို့ ကရိန်းကားကြီးတစ်စီး ပြိုလဲမှုဖြစ်ပွားခဲ့သည်။

အဆိုပါမတော်တဆမှုကြောင့် တစ်ဦးသေဆုံးခဲ့ပြီး အခြားတစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ထိုကရိန်းကားသည် ဗင်ကား၊ ထရပ်ကားနှင့် အခြားယာဉ်တစ်စီးတို့အပေါ်သို့ ပြိုလဲကျခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းပြိုလဲကျမှုကြောင့် ဗင်ကားပေါ်ရှိအမျိုးသားတစ်ဦး သေဆုံးသွားခဲ့ပြီး ထရပ်ကားပေါ်ရှိအမျိုးသားတစ်ဦး ခြေထောက်ကျိုးကာ ပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း တိုကျိုရဲတပ်ဖွဲ့က ပြောကြားသည်။

ထိခိုက်ဒဏ်ရာရ၊ သေဆုံးသူအမျိုးသားနှစ်ဦးသည် ထိုဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် ပါဝင်ပတ်သက်သူများဖြစ်သည်ဟု သိရသည်။

ရဲတပ်ဖွဲ့က ထိုမတော်တဆမှုနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်လျက်သည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို