ဇွန် ၁၂

 

ဂျပန်နိုင်ငံ တိုကျိုမြို့ ဟာနီဒါလေဆိပ်ရှိ လေယာဉ်ပြေးလမ်းအနီးတွင် ဇွန်လ ၁၀ ရက်နေ့က ခရီးသည်တင်ဂျက်လေယာဉ်နှစ်စင်း တိုက်မိခဲ့ကြောင်း ဂျပန်လေကြောင်းသယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက ပြောကြားသည်။

 

ဘန်ကောက်သို့ထွက်ခွာမည့် ထိုင်းလေကြောင်းလိုင်းနှင့် EVA လေကြောင်းလိုင်းတို့သည် ဟာနီဒါလေဆိပ် လေယာဉ်ပြေးလမ်း အေတွင် ဒေသစံတော်ချိန် မနက် ၁၁ နာရီခန့်က တိုက်မိခဲ့ကြသည်ဟု လေဆိပ်သတင်းအရင်းအမြစ်ကို ကိုးကားပြီး ဒေသတွင်းမီဒီယာက ဖော်ပြထားသည်။

 

အဆိုပါလေယာဉ်နှစ်စင်းသည် ထိုလေယာဉ်ပြေးလမ်းတွင် ခေတ္တရပ်နားထားရပုံကို တိုကျိုရုပ်သံလွှင့်ဌာနက ဖော်ပြထားပုံကို တွေ့မြင်ရသည်။

 

ထိုင်းလေကြောင်းလိုင်း၏လေယာဉ်တောင်ပံကျိုးသွားဖွယ်ရှိကြောင်းနှင့် ထိုပြေးလမ်းအနီးတွင် အပျက်အစီးအပိုင်းအစများ တွေ့မြင်ရပုံကို အင်န်အိတ်ချ်ကေရုပ်သံလွှင့်ဌာနကဖော်ပြသွားသည်။

 

ထိုလေဆိပ်အတွင်း မတော်တဆမှုဖြစ်ပွားရာအနီးရှိ လေယာဉ်ပြေးလမ်းကို ပိတ်ထားရကြောင်းနှင့် လက်ရှိအချိန်အထိ ထိခိုက်ဒဏ်ရာရသူမရှိကြောင်း ဖော်ပြထားသည်။

 

လေယာဉ်နှစ်စင်းမတော်တဆဖြစ်ပွားမှုကြောင့် လေဆိပ်အတွင်းရှိ ပြည်တွင်းနှင့် နိုင်ငံတကာလေကြောင်းလိုင်းများပျံသန်းမှု နှောင့်နှေးခဲ့ရသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို