မေ ၂၇

ဂျပန်နိုင်ငံတိုကျိုမြို့ အီဒိုဂါဝါရပ်ကွက်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ၁၀ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

အဆိုပါပေါက်ကွဲမှုသည် ကာဆိုင်းဘူတာရုံအနီး လူနေရပ်ကွက်တစ်ခုတွင် ယနေ့မနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဆောက်လုပ်ရေးလုပ်ငန်းသုံးမော်တော်ယာဉ်တစ်စီးမှ မီးခိုးလုံးများမြင့်တက်လာပုံကို ဗွီဒီယိုဖိုင်တစ်ခုတွင် ပြသထားသည်။

မီးသတ်ကားအစီးရေ ၃၀ ကျော် ရောက်ရှိလာပြီး မိနစ် ၉၀ ခန့်ကြာ မီးငြှိမ်းသတ်ခဲ့ရသည်ဟု သိရသည်။ ထိုပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၁၀ ဦးမှာ ၎င်းတို့၏ နားနှင့်လည်ချောင်းနာကျင်မှုရှိသော်လည်း အသက်အန္တရာယ်မရှိဟု တိုကျိုရဲတပ်ဖွဲ့ကဆိုသည်။

ထိခိုက်ဒဏ်ရာရရှိသူ ၁၀ ဦးတွင် အလုပ်သမားများနှင့် ဒေသခံများပါဝင်ပြီး ၎င်းတို့အားလုံးမှာ အသက် ၂၀ မှ ၇၀ အရွယ်များဖြစ်ကြောင်း ဖော်ပြထားသည်။

ထိုမတော်တဆမှုဖြစ်ပွားချိန်က အလုပ်သမားများသည် ကွန်ဒိုမီနီယံအဆောက်အအုံသစ်အတွက်  တိုင်ကိုမြေကြီးအတွင်းသို့ ရိုက်သွင်းနေသည်ဟု ရဲတပ်ဖွဲ့ကပြောသည်။ မြေအောက်ဓါတ်ငွေ့ပိုက်ပျက်စီးသွားနိုင်ဟု ၎င်းတို့ကဆိုသည်။

ကနဦးပေါက်ကွဲမှုများဖြစ်ပွားခဲ့ပြီးနောက် ပေါက်ကွဲမှုအများအပြားဆက်လက်ဖြစ်ပွားနိုင်သဖြင့် အနီးနားရှိဒေသခံများအား ဘေးလွတ်ရာသို့ရွှေ့ပြောင်းကြရန် ရဲတပ်ဖွဲ့က တိုက်တွန်းပြောကြားထားသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို