၂၉ ဇွန်
ဂျပန်နိုင်ငံမှာ ကျင်းပမယ့် ၂၀၂၀ တိုကျို အိုလံပစ်ပွဲတော်ကို ကပ်ရောဂါကြောင့် ၂၀၂၁ ခုနှစ်အထိ ရွှေ့ဆိုင်းခဲ့ပေမယ့် တိုကျိုမြို့ခံ တစ်ဝက်ကျော်က အိုလံပစ်ပွဲတော်ကို လုံးဝဖျက်သိမ်းရေး သို့မဟုတ် ဒီ့ထက်နောက်ကျပြီးမှ ကျင်းပသင့်ကြောင်း အကြံပြုချက် ဆန္ဒမဲကို တနင်္လာနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
ကျွမ်းကျင်ပညာရှင်တွေက အိုလံပစ်ပွဲတော်ကို တစ်နှစ်ရွှေ့ဆိုင်းလိုက်ပေမယ့် ပွဲတော် ကျင်းပရေးမှာ လုံခြုံမှု ရှိဖို့ မဖြစ်နိုင်ကြောင်း သတိပေးအပြီးမှာ အခု သုတေသနကို ဂျပန် သတင်းဌာနကြီး နှစ်ခုက ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
အဲဒီသုတေသနက ပြီးခဲ့တဲ့ ရုံးပိတ်ရက်တွေမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး တိုကျိုမြို့ခံ ၅၁.၇ ရာခိုင်နှုန်းက ပြိုင်ပွဲကျင်းပမယ့် ရက်ကို ထပ်ရွှေ့ဆိုင်းခြင်း သို့မဟုတ် လုံးဝဖျက်သိမ်းသင့်တယ်လို့ ဆန္ဒပြုစဉ်မှာ ၄၆.၃ ရာခိုင်နှုန်းက ရက်ရွှေ့ ဆိုင်းပြီးသား အိုလံပစ်ပြိုင်ပွဲကို ကျင်းပသင့်ကြောင်း အကြံပြုပါတယ်။
အိုလံပစ်ပြိုင်ပွဲကို ဆန့်ကျင်တဲ့ ၅၁.၇ ရာခိုင်နှုန်းထဲက ၂၇.၇ ရာခိုင်နှုန်းက လုံးဝဖျက်သိမ်းသင့်တယ်လို့ ပြောပြီး ၂၄.၀ ရာခိုင်နှုန်းကတော့ ပွဲတော်ကျင်းပရေးကို ဒုတိယအကြိမ် ရက်ရွှေ့ဆိုင်းသင့်ကြောင်း အကြုံပြုထားပါတယ်။
ကျိုတိုသတင်းဌာနနဲ့ တိုကျို MX ရုပ်မြင်သံကြား သတင်းဌာနတို့ကနေ ဇွန် ၂၆ ရက်ကနေ ၂၈ ရက်နေ့အထိ တယ်လီဖုန်းဖြင့် မေးမြန်းရာ ၁၀၃၀ က ပြန်လည်ဖြေကြားခဲ့ပါတယ်။ ၃၁.၁ ရာခိုင်နှုန်းက ပွဲတော်ကို ပရိသတ် လျှော့ချပြီး ကျင်းပတာမျိုးနဲ့ ပရိသတ်တစ်ယောက်မှ မပါဘဲ ကျင်းပတာမျိုးကို မြင်လိုကြောင်း ပြောခဲ့ပေမယ့် ၁၅.၂ ရာခိုင်နှုန်းကတော့ ပုံမှန်လိုပဲ ပရိသတ်တွေနဲ့ ကျင်းပတာကို မြင်လိုကြောင်း ပြောပါတယ်။
၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲကို ကပ်ရောဂါပိုးကြောင့် တစ်နှစ်ရွှေ့ဆိုင်းလိုက်ရာ ၂၀၂၁ ဇူလိုင် ၂၃ ရက် သောကြာနေ့ မှ ၂၀၂၁ ခုနှစ် ဩဂုတ် ၈ ရက် (တနင်္ဂနွေနေ့) အထိ ကျင်းပဖို့ လျာထားတာကို တွေ့ရပါတယ်။
နိုင်ငံတကာ အိုလံပစ် ကော်မတီနဲ့ ဂျပန်နိုင်ငံက တာဝန်ရှိသူတွေက ပွဲတော် ကျင်းပရေးအတွက် နောက်ထပ် ရက်ရွှေ့ဆိုင်းဖို့ မဖြစ်နိုင်ကြောင်း သတိပေးထားပြီး ဖြစ်ပါတယ်။
MDN
ကိုးကား - AFP