၁၈ ဩဂုတ်

 

 

ဂျပန်နိုင်ငံတွင် ယမန်နေ့ကအထိ အပူချိန် ပြင်းထန်စွာ မြင့်မားနေရာ တိုကျိုမြို့တော်တွင် အပူချိန် မြင့်မားမှုကြောင့် ကိုးရက်အတွင်း သေဆုံးသူ ၂၆ ဦး ရှိသည်ဟု တိုကျိုတာဝန်ရှိသူများက ဆိုသည်။

 

 

အဆိုပါ အပူချိန် မြင့်မားမှုကြောင့် သေဆုံးသူများတွင် ၈၀ ရာခိုင်နှုန်းမှာ အသက် ၇၀ နှင့် အထက် ရှိသူများ ဖြစ်ကြောင်း ဆေးဘက်ဆိုင်ရာ စစ်ဆေးမှုရုံးက ပြောကြားခဲ့သည်။

 

 

ထိုသေဆုံးသူ ၂၆ ဦး အနက် ၂၅ ဦးမှာ အိမ်တွင်း နေထိုင်သူများဖြစ်သည်။ သေဆုံးသူ ၂၂ ဦးမှာ လေအေးပေးစက် မရှိသူများ သို့မဟုတ် လေအေးပေးစက် အသုံးမပြုသူများ ဖြစ်ကြောင်း ဖော်ပြထားသည်။

 

 

တိုကျိုမြို့တော်တွင် အပူချိန်မြင့်မားမှုကြောင့် ယခုလအတွင်း သေဆုံးသူ စုစုပေါင်း ၇၉ ဦး ရှိပြီ ဖြစ်သည်။

 

 

အစိုးရ ကျန်းမာရေး အာဏာပိုင်များက ပြည်သူများအား လေအေးပေးစက်ကို အချိန်အတော်ကြာ အသုံးပြုခြင်းဖြင့် အပူဒဏ်ကို လျှော့နည်းအောင် ပြုလုပ်ရန်နှင့် ရေကို မကြာခဏ သောက်သုံးပေးရန် အကြံပြု ပြောကြားထားသည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို