ရန်ကုန် ၅ မေ
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်တွင် မေ ၃ ရက်က မိုးသည်းထန်စွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာ ၅ ရွာမှ အိမ်ခြေ (၁၂)လုံးရှိ လေဘေးသင့်ပြည်သူများအား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ကယ်ဆယ်ရေးထောက်ပံ့ငွေများကို ယနေ့ နံနက်က ထောက်ပံ့ပေးအပ် ခဲ့ကြောင်း မရမ်းကုန်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သိရသည်။
ထို့ပြင် မေ ၄ ရက်က တောဆင်ရိုင်း ဝင်ရောက်ဖျက်ဆီးမှုကြောင့် နေအိမ် (၂)လုံး ပျက်စီးဆုံးရှုံးခံရမှုအတွက်လည်း ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
ထိုသို့ထောက်ပံ့ရာတွင် လေပြင်းတိုက်ခတ်မှုကြောင့် တိုက်ကြီးမြို့နယ်ရှိ သဂလိမ္မော်ခြံကျေးရွာအုပ်စု၊ ကမ်းမြှောင် ကျေးရွာအုပ်စု၊ ပနီပင်ကျေးရွာအုပ်စု၊ အုန်းပင်ကွင်းကျေးရွာအုပ်စုနှင့် ကြွေပုဂံချောင်းကျေးရွာအုပ်စုရှိ ဘုန်းတော်ကြီး ကျောင်း (၁)ကျောင်း၊ လူနေအိမ်ခြေ(၁၂)လုံး၊ အိမ်ထောင်စု(၁၂)စုမှ လူဦးရေ(၅၀)ဦးတို့ကို အိမ်နှင့် ကျောင်းဆောက် ပစ္စည်းဖိုး ထောက်ပံ့ငွေကျပ် (၇၀၀၀၀ဝ)ကျပ်၊ ဆန်ရိက္ခာဖိုး ထောက်ပံ့ ငွေကျပ် (၁၀၅၀၀ဝ) ကျပ်နှင့် တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့၊ ကျွဲဘုတ်ကျေးရွာအတွင်း တောဆင်ရိုင်းဝင်ရောက်ဖျက်ဆီးမှု ကြောင့် နေအိမ်(၂)လုံး၊ အိမ်ထောင်စု(၂)စုမှ လူဦးရေ(၉)ဦးရှိရာ နေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေကျပ် ၁၀၀၀၀ဝ ကျပ်၊ ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ ကျပ် ၁၈၉၀ဝ ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၁)မျိုး ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်း-မျိုးမင်းသိန်း(မရမ်းကုန်း)
ဓာတ်ပုံ-မျိုးကြီး


