တိုက်ကြီး မတ် ၁၆
ရန်ကုန်မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခု၊ (၆) လ ဘဏ္ဍာရေးနှစ်တွင် မြို့နယ်အတွင်းရှိ ကျေးရွာ(၇)ရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းစီမံကိန်း VDP ရန်ပုံငွေကျပ် (၁၀)သန်းစီဖြင့် အမှန်တကယ်လိုအပ်သော ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလ တတိယပတ်မှစတင်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ယခုအခါ လုပ်ငန်းများအားလုံး ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။
တိုက်ကြီးမြို့နယ်အတွင်း ၂၀၂၁-၂၀၂၂ ခု၊ (၆)လ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (VDP)ဖြင့် မြို့နယ်အတွင်းရှိ ရေတွင်းကုန်းကျေးရွာ၊ ကံကလေးကျေးရွာ၊ စံပြကျေးရွာ၊ ဘောလ ကွတ်ကျေးရွာ၊ ထန်းပင်ကုန်းကျေးရွာ၊ ကွမ်းခြံကုန်းကျေးရွာ၊ လဟာတကောကျေးရွာတို့တွင် ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း(VDP)ဖြင့် နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေကျပ်သန်း(၇၀)နှင့် ပြည်သူထည့်ဝင်ငွေ ကျပ်(၃.၅)သန်း၊ စုစုပေါင်းငွေကျပ်(၇၃.၅)သန်းဖြင့် ကွန်ကရစ်လမ်းခင်ခြင်းလုပ်ငန်း(၂)ခု၊ ကွန်ကရစ် ဘီးလမ်းခင်းခြင်းလုပ်ငန်း(၂)ခု၊ ဂဝံလမ်းခင်းခြင်းလုပ်ငန်း(၃)ခု စုစုပေါင်းလုပ်ငန်း(၇)ခုကို မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နည်းပညာပံ့ပိုးမှု၊ အနီးကပ်ကြီးကြပ်ပေးမှုဖြင့် ကျေးရွာ ကော်မတီများနှင့် ကျေးရွာပြည်သူလူထုကိုယ်တိုင်ပါဝင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ရာ ယင်းလုပ်ငန်းများသည် ယခုအခါရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများ ပြီးစီးပါက ကျေးရွာ(၇)ရွာရှိ အိမ်ခြေ (၃၇၆)ခု၊ အိမ်ထောင်စု(၄၈၈)စုတို့ကို အကျိုးပြုမည်ဖြစ်ပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။ မြို့နယ်အတွင်းရှိ ကျေးရွာများတွင် လည်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မှ စ၍ ၂၀၂၁-၂၀၂၂ခု၊ (၆)လဘဏ္ဍာရေးနှစ်အထိ စုစုပေါင်းကျေးရွာ(၁၀၃)ရွာတို့တွင် ကျေးရွာ၏လိုအပ်ချက်ဖြစ်သော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို စီမံချက်ပါဦးစားပေးလုပ်ငန်းများအလိုက် ရွေးချယ်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ကြောင်းလည်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)


