တိုက်ကြီး    ဩဂုတ်    ၁၀

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်အတွင်းရှိ ကာကွယ် ဆေးထိုးနှံရန် ကျန်ရှိသော ပြည်သူများအား ဦးစားပေးအစီအစဉ်အတိုင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm)ထိုးနှံခြင်းလုပ်ငန်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က တိုက်ကြီးမြို့မ(အ.ထ.က)စာသင်ကျောင်းအပါအဝင် စုရပ်(၇)နေရာတို့တွင်  ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို တိုက်ကြီးမြို့နယ်တွင် ဩဂုတ် ၁ ရက်နေ့ မှ ၉ ရက်နေ့ အထိ အသက်(၆၅)နှစ်နှင့်အထက် ပြည်သူများနှင့် ဒုတိယ အကြိမ် ကာကွယ်ဆေးထိုးရန်ကျန်ရှိသော ပညာရေးဝန်ထမ်းများကို ထိုးနှံပေးခဲ့ပြီး ဩဂုတ် လ ၁၀ ရက်နေ့တွင် အသက်(၆၅)နှစ်ပြည့်ပြီးသူများ၊ အစိုးရ/ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်း များ၊ ပရဟိတဆောင်ရွက်ပေးနေသူများ၊ သာသနာ့ဝန်ထမ်းများ နှင့် နိုင်ငံ့ ဝန်ထမ်းများကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နည်းလမ်းများနှင့်အညီ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း နှင့် ကျန် ရှိနေသော မိဘပြည်သူများအား ဆေးရရှိမှုအပေါ်မူတည်၍ ဦးစားပေးအုပ်စုများအလိုက် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ ပြန်ရေးကော်မတီ ဥက္ကဌ ဦးအောင်ကျော်စိုးထံမှ သိရသည်။

တိုက်ကြီးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို မြို့နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဦးဆောင်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်များ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့က ပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စန်းကလျာခိုင်(ပြန်/ဆက်)

mdn