mdn

တိုက်ကြီး    စက်တင်ဘာ      ၉

    
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါကူးစက်ပြန့်နှံ့မှုမှ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးများကို ပြည်သူများအား ဉီးစားပေး ဉီးတည်အုပ်စုအလိုက် ထိုးနှံပေးလျက်ရှိရာ ရှမ်းစုရပ်ကွက်ရှိ ဒဂုံဆိပ်ကမ်း (၂) အထည်ချုပ်စက်ရုံ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲခန့်က ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံခြင်းကို တာဝန်ရှိသူများက သွားရောက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
    
တိုက်ကြီးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်း မာရေးဉီးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနမှ ဝန်ထမ်းများ  ပူးပေါင်းပါဝင်သော အဖွဲ့က အထည်ချုပ်စက်ရုံမှ ဝန်ထမ်း (၁၇၂)ဉီးအား ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေးကို ( ပထမအကြိမ်)ထိုးနှံပေးခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ရာ ကာကွယ်ဆေးမထိုးမီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာခြင်း၊     သွေးတွင်းအောက်ဆီဂျင်ပမာဏတိုင်းတာခြင်း တို့ ဆောင်ရွက်ပေးပြီး ပုံမှန်အနေအထားရောက်ရှိမှသာ ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ကာကွယ်ဆေးထိုးနှံပြီး နောက် နာရီဝက်ခန့် စောင့်ကြည့်ခြင်း တို့ကို ကိုဗစ် - ၁၉ ရောဂါကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ပေးခဲ့သည်။
           
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးနေမှု အခြေအနေအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဉက္ကဌ ဉီးအောင်ကျော်စိုး ၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးရဲမင်းအောင် ၊ အဖွဲ့ဝင် (၂) ဉီးမောင်မောင်လတ် တို့က လာရောက်ကြည့်ရှု ၍ အားပေးစကားများပြောကြားကာ လိုအပ်သည်များကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

စန်းကလျာခိုင် (ပြန် / ဆက်)