အေးသီတာဝင်း

 

ကမ္ဘာကြီးတွင် ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များကြောင့် အပူရှိန်မြင့်မားလာခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ ရေကြီးခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်း၊ မြေပြိုခြင်း၊ မိုးခေါင်ရေရှားခြင်း၊ ထူးကဲသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်လာခြင်းစသော သဘာဝဘေးအန္တရာယ်များ ပေါ်ပေါက်လျက်ရှိသည်။ ကမ္ဘာပေါ်တွင် မှီတင်းနေထိုင်လျက်ရှိသော လူသားများ၊ ကုန်းနေ၊ ရေနေသတ္တဝါများ၊ သစ်ပင်များနှင့် သဘာဝပတ်ဝန်းကျင်တို့ကို ထိခိုက်ပျက်စီး စေနိုင်ကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ သိပ္ပံပညာရှင်များက တစ်ခဲနက်ထောက်ပြ အသိပေးလျက်ရှိသည်။

 

နိုင်ငံတော်၏ ရည်ရွယ်ချက်ဖြစ်သော ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ မဟာဗျူဟာနှင့် မူဝါဒကို အကောင်အထည်ဖော်ရန်၊ နိုင်ငံတော်၏ သဘာဝနယ်မြေများ ထိန်းသိမ်းရေးဆိုင်ရာမူဝါဒကို အကောင်အထည်ဖော်ရန်၊ တောရိုင်းတိရစ္ဆာန်၊ သဘာဝအပင် ဂေဟစနစ်များနှင့် ရာသီအလိုက် ဒေသပြောင်းရွှေ့ ကျက်စားလေ့ရှိသော တိရစ္ဆာန်များကို ကာကွယ် ထိန်းသိမ်းတတ်ရန်နှင့် သဘာဝအပင်များနှင့် ယင်းတို့၏ မူလဒေသများကို ကာကွယ်ထိန်းသိမ်း တတ်ရန်တို့အတွက် ကျောင်းသင်ခန်းစာ၏ သင်ရိုး သာမကဘဲ ကျောင်းသားများအား ဖြည့်စွက် သင်ကြားပေးလျက်ရှိသည်။ ထို့ပြင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ၊ ဒေသခံပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးနှင့် သဘာဝအခြေခံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် သဘာဝထိန်းသိမ်းရေးနယ်မြေအတွင်းရှိ တောရိုင်းတိရစ္ဆာန်များ ရေရှည် တည်တံ့နေစေရန် ဦးရေအမျိုးအစားနှင့် အချိုး အစား မျှတစေရန်၊ မျိုးရိုးဗီဇရောယှက်ခြင်း မဖြစ် စေရန်နှင့် သတ္တဝါများကိုဖမ်းဆီးခြင်း၊ သုတ်သင် ခြင်း မပြုရန်တို့ကို ဆရာ ဆရာမများက အသိပညာ ပေးလျက်ရှိသည်။

 

ထိန်းသိမ်းစောင့်ရှောက်သင့်

 

သဘာဝပတ်ဝန်းကျင်တွင် သက်ရှိများ၏ အပြုသဘောနှင့် အပျက်သဘော သက်ရောက်မှုများကို ဆန်းစစ်သည့် ဂေဟဗေဒသဘောအရ လူသား တို့၏ အသက်ရှင်နေထိုင်မှု ဘဝပေါ်တွင် အကျိုးသက်ရောက်မှုများစွာ ဖြစ်ပေါ်စေပါသဖြင့် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကို အနည်းဆုံးဖြစ်အောင်နှင့် သက်ရှိတို့၏ ရေရှည်တည်တံ့မှု ရှိအောင် ထိန်းသိမ်းစောင့်ရှောက်သင့်သည်။

 

မြန်မာနိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ ရာသီဥတု ဖောက်ပြန်ပြောင်းလဲခြင်း ပြဿနာဖြစ်ပွားနိုင်သော နိုင်ငံများတွင် တစ်နိုင်ငံ အပါအဝင် ဖြစ်လာခဲ့ပါသည်။ ထင်ရှားသည့် ရာသီဥတုပြောင်းလဲခြင်း နှစ်ချက်ရှိရာ ပထမအချက်သည် ကမ္ဘာ့အပူချိန် ပြောင်းလဲလာခြင်းကြောင့်ဖြစ်သည်။ ကမ္ဘာ့အပူချိန် များလာရခြင်းသည် ကမ္ဘာပေါ်ရှိလူတို့၏ ပြုမူ နေထိုင် လုပ်ဆောင်ချက်များကြောင့် ကမ္ဘာ့အပူချိန်ကို တိုးစေသည့် ဓာတ်ငွေ့များ ကမ္ဘာ့လေထုထဲသို့ အများအပြား ရောက်နေခြင်းကြောင့် ဖြစ်သည်။ ဒုတိယအချက်သည် လေထဲသို့ သဘာဝအလျောက် ရောက်နေသည့် ကာဗွန်ဒိုင်အောက်ဆိုက်များကို လေထဲမှ သဘာဝအလျောက် ပျောက်ကွယ်သွားအောင် စုပ်ယူထိန်းသိမ်းပေးနိုင်သည့် သစ်တောကြီးများ တဖြည်းဖြည်း ပြုန်းတီးသွားခြင်းကြောင့်ဖြစ်သည်။

 

သဘာဝပတ်ဝန်းကျင်သည် ကမ္ဘာဦးတည်စက အစပြု၍ နေရာဒေသအလိုက်၊ အပူချိန်အမျိုးမျိုး၊ နေရောင်ခြည်ရရှိမှု အမျိုးမျိုး၊ ရေထု၊ လေထုများထဲတွင် ပါဝင်ဖွဲ့စည်းမှုအမျိုးမျိုးရှိခဲ့ရာ လူသားတို့သည်လည်း ထိုသဘာဝ ပတ်ဝန်းကျင်များနှင့် လိုက်လျောညီထွေအောင် ညှိနှိုင်းပြီး အသက်ရှင်နေထိုင်ခဲ့ကြခြင်းဖြစ်သည်။ လူသားတို့သည် မိမိတို့အတွက် ဘေးကင်းစိတ်ချရေးနှင့် လုံခြုံရေးအတွက် မည်ကဲ့ သို့ နေထိုင်ရမည်ဆိုသည်ကို ရှာဖွေခဲ့ကြသည်။

 

မိမိနှင့်လိုက်လျောညီထွေပြီး နေသားတကျ ရှိနေသော သဘာဝပတ်ဝန်းကျင်သည် ထိခိုက် ပျက်စီးပြောင်းလဲသွားခဲ့လျှင် လူသားတို့အပေါ် အကျိုးသက်ရောက်မှုများ မုချဖြစ်ပေါ်မှာဖြစ်သည်။ ထို့ကြောင့် သဘာဝပတ်ဝန်းကျင် ပုံမှန်အတိုင်း ထိန်းသိမ်းတည်ငြိမ်စွာရှိနေခြင်းက လူသားများ၊ တောရိုင်းတိရစ္ဆာန်များ၊ သတ္တဝါများနှင့် ရှားပါးအပင်များ ရှင်သန်နေထိုင်ရေးအတွက် လွန်စွာ အရေးပါသည်။      

 

ဂေဟစနစ်များစွာရှိ

 

မြန်မာနိုင်ငံသည် မြစ်၊ ချောင်း၊ အင်း၊ အိုင်၊ စိုက်ပျိုးမြေများ၊ သစ်တောများမှအစ ရေခဲဖုံးလွှမ်းနေသော တောင်တန်းများအထိ သဘာဝဂေဟစနစ် အမျိုးမျိုးကို ပိုင်ဆိုင်သော အလွန်လှပသည့် နိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံသည် အပင်အမျိုးမျိုး၊ တိရစ္ဆာန်အမျိုးမျိုး၊ ရေသတ္တဝါအမျိုးမျိုးတို့ ရှင်သန်ကျက်စားရာနေရာဖြစ်ပြီး အချို့မှာ မြန်မာနိုင်ငံ အတွင်းတွင်သာ တွေ့ရသော သဘာဝကျက်စားရာ နေရာများဖြစ်သည်။ မျိုးသုဉ်းလုနီးပါး အန္တရာယ် ရှိသော မျိုးစိတ် (Critically Endangered Species) ၃၇ ခု နှင့် မျိုးသုဉ်းရန် အန္တရာယ်ရှိသော မျိုးစိတ် (Endangered Species) ၆၅ ခုအပါအဝင် ကမ္ဘာ တွင် မျိုးသုဉ်းပျောက်ကွယ်လုနီးပါး မျိုးစိတ် ၂၃၃ ခုကို မြန်မာနိုင်ငံတွင်သာ တွေ့ရှိရသည်။ World Wildlife Fund မှ သတ်မှတ်ချက်အရ မြန်မာနိုင်ငံ တွင် ကုန်းတွင်းသဘာဝဂေဟဒေသကြီး ၁၄ ခု အပါ အဝင် အပင်များနှင့် တိရစ္ဆာန်မျိုးစိတ်များ ရှင်သန် ကျက်စားရာ ဂေဟစနစ်များစွာရှိသည်။

 

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် သစ်တောထူထပ်မှု အများဆုံးနိုင်ငံဖြစ်သော်လည်း ယခုအခါ သစ်တောဖုံးလွှမ်းမှု ဧရိယာမှာ လျင်မြန်စွာ လျော့ကျလာလျက်ရှိသည်။ သစ်တောများ လျင်မြန်စွာ ပြုန်းတီးလာမှုမှာ အရေးကြီးသည့် ပြဿနာ တစ်ရပ်ဖြစ်ပြီး ယခုနှုန်းအတိုင်း သစ်တောများ ဆက်လက်ပြုန်းတီးလာမည်ဆိုပါက မြန်မာနိုင်ငံ၏ သဘာဝသယံဇာတ အရင်းအမြစ်များ လျင်မြန်စွာ ပျက်စီးပြုန်းတီးမည့် အခြေအနေတစ်ရပ် ဖြစ်လာ နိုင်သည်။

 

သစ်တောပြုန်းတီးမှု အဓိက အကြောင်းအရင်းများတွင် သစ်တောများကို စိုက်ပျိုးမြေများအဖြစ် ပြောင်းလဲခြင်း၊ ထင်းမီးသွေး အလွန်အကျွံသုံးစွဲခြင်းနှင့် စီးပွားဖြစ် သစ်ထုတ်လုပ်မှုများပါဝင်သည်။ ထို့အပြင် လူဦးရေတိုးမြင့်လာခြင်း၊ အိမ်နီးချင်းနိုင်ငံများ၏ သယံဇာတလိုအပ်ချက်များ မြင့်မားလာခြင်း၊ နိုင်ငံတကာမှ သစ်တောထုတ်ကုန်များအပေါ် လိုအပ်ချက်မြင့်မားလာခြင်းနှင့် စိုက်ပျိုးရေး ထွက်ကုန်များ ပြည်ပတင်ပို့ခြင်းတို့မှာ သစ်တောပြုန်းတီးမှုကို အားပေးရာရောက်သော အကြောင်းအရာများတွင် ပါဝင်သည်။

 

ပြည်တွင်းပြည်ပဈေးကွက်အတွက် မြန်မာနိုင်ငံတွင် သဘာဝတောရိုင်းတိရစ္ဆာန်များအား တရားမဝင်အမဲလိုက်ခြင်းများ ဖြစ်ပေါ်လျက်ရှိ သည်။ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများ အတွင်း တောရိုင်းတိရစ္ဆာန်များမှ ထုတ်လုပ်သော ပစ္စည်းများကို တရားမဝင်ရောင်းဝယ်ခြင်း အများ ဆုံးဖြစ်ပေါ်လျက်ရှိသော အဓိကနိုင်ငံများတွင် ပါဝင်နေသည်။ ထိုသို့ တရားမဝင် ရောင်းဝယ်ခြင်း များတွင် သဘာဝမူရင်းမျိုးစိတ်အများအပြား ပါဝင်ပြီး ၎င်းတို့မှာ တရားမဝင် ဖမ်းဆီးအသုံးပြုခြင်း ကြောင့် မျိုးသုဉ်းပျောက်ကွယ်မည့် အလားအလာ များလျက်ရှိသည်။

 

ဂေဟစနစ် ခြိမ်းခြောက်လျက်ရှိ

 

ထို့အပြင် ပြင်ပမှဝင်ရောက်လာသော မျိုးစိတ်များ၏ အန္တရာယ်များ၊ သတ္တုတူးဖော်ခြင်းကြောင့်ဖြစ်သော ပတ်ဝန်းကျင်ညစ်ညမ်းမှုများ၊ မြစ်ရေ စီးကြောင်း ပြောင်းလဲမှုများနှင့် ငါး အလွန်အကျွံ ဖမ်းဆီးမှုများ၏ အန္တရာယ်များမှာ မြစ်၊ ချောင်း၊ အင်း၊ အိုင် ဂေဟစနစ်များကို ခြိမ်းခြောက်လျက်ရှိ သည့်အပြင် ဆည်တည်ဆောက်မှုများကြောင့် ရေနေသဘာဝမျိုးစိတ်များနှင့် ဂေဟစနစ်များမှာ ပျက်စီးမှုများ ဖြစ်ပေါ်လျက်ရှိသည်။ ခြုံငုံသုံးသပ် ရမည်ဆိုပါလျှင် စီးပွားရေး တိုးတက်မှုနှုန်းနှင့်အတူ မြန်မာနိုင်ငံ၏ သဘာဝသယံဇာတများအပေါ်တွင် ဖိအားအကျပ်အတည်း သက်ရောက်မှုများရှိသည်။

 

နိုင်ငံတိုးတက်ပွင့်လင်းလာသည်နှင့်အမျှ စီးပွားရေးလုပ်ငန်းများ ပိုမိုချဲ့ထွင်လာပြီး ရွေးချယ်ခွင့်များ ပိုများလာကာ စားသုံးမှုပုံစံမှာလည်း ပိုမိုတိုးတက်လာသည်။ အကယ်၍ စနစ်တကျစီမံခန့်ခွဲမှု မပြုနိုင်ပါက သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်စေနိုင်သည်။

 

သဘာဝပတ်ဝန်းကျင်အား ထိန်းသိမ်းရန်မှာ မည်သူ့တာဝန်ဖြစ်သနည်းဟူသော အမေးစကားအား ဖြေကြားရလျှင် လူသားတစ်ဦးချင်းစီ တစ်ယောက်ချင်းစီတိုင်း၏ တာဝန်ပင်ဖြစ်သည်။ လူသားများသည် သဘာဝပတ်ဝန်းကျင်အား မည်သည့်အတွက် ထိန်းသိမ်းစောင့်ရှောက်သင့်ပါသနည်း။ မြန်မာနိုင်ငံသူ နိုင်ငံသားများ၏ ဖွံ့ဖြိုးတိုးတက်မှု၊ ပတ်ဝန်းကျင်၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအားလုံးမှာ မြန်မာနိုင်ငံ၏ သဘာဝသယံဇာတများအား တာဝန်သိသိဖြင့် ထိန်းသိမ်းစီမံခန့်ခွဲ မှုများပေါ်တွင် အလုံးစုံမူတည်နေပေသည်။

 

ကမ္ဘာအနှံ့တွင် လူသားများသည် ကမ္ဘာမြေ ရေရှည်တည်တံ့မှုအတွက် ထိန်းသိမ်းသင့်သော သဘာဝ အရင်းအမြစ်များထက် ပိုမိုသုံးစွဲလျက်ရှိသည်။ ထို့ကြောင့် ကမ္ဘာမြေ၏ ဂေဟစနစ် များစွာတို့မှာ လူဦးရေတိုးတက်လာမှုနှင့် စီးပွားရေးဖွံ့ဖြိုးမှုတို့ကြောင့် ပျက်စီးပြုန်းတီးကာ ပြန်လည် ထိန်းသိမ်း၍မရနိုင်သည့် အခြေအနေနီးပါး ရောက်ရှိနေပြီဖြစ်သည်။

 

အထူးအလေးထားဆောင်ရွက်

 

မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်အခြေအနေမှာ အဆုံးစွန်ထိ ပျက်စီးခြင်း မဖြစ်သေးသော်လည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အထူးအလေးထားဆောင်ရွက်ခြင်း မရှိပါက အန္တရာယ်ရှိသော အခြေအနေသို့ အလွယ်တကူ ရောက်ရှိသွားနိုင်သည်။ တစ်ကမ္ဘာလုံး၏ သုံးစွဲမှု၊ ထုတ်လုပ်မှုပုံစံများ မပြောင်းလဲဘဲ လက်ရှိအခြေ အနေအတိုင်း ဆက်လက်၍ သုံးစွဲထုတ်လုပ်ကြမည် ဆိုပါလျှင် ၂ဝ၅၀ ပြည့်နှစ်တွင် ခန့်မှန်းထားသော ကမ္ဘာ့လူဦးရေ သန်း ၉၆ဝဝ ၏ ယခုလက်ရှိ နှုန်းအတိုင်း သုံးစွဲမှုများကို ဖြည့်ဆည်းရန် ကမ္ဘာမြေ တစ်ခုတည်းဖြင့် မလုံလောက်နိုင်ဘဲ ကမ္ဘာမြေသုံးခု အထိပင် လိုအပ်ပါလိမ့်မည်။

 

ဇီဝမျိုးစုံမျိုးကွဲများ ရေရှည်တည်တံ့ရေးအတွက် မြန်မာနိုင်ငံသည် အခြားနိုင်ငံများနည်းတူ သဘာဝ နယ်မြေများအား သတ်မှတ်တည်ထောင်လျက် ရှိသည်။ ပထမဆုံး သဘာဝထိန်းသိမ်းရေးနယ်မြေ အဖြစ် တောင်ကြီးငှက်ဘေးမဲ့တောအား ၁၉၂ဝ ပြည့်နှစ်တွင် တည်ထောင်ခဲ့သည်။ ၁၉၈ဝ အ‌စော ပိုင်းနှစ်များတွင် မြန်မာနိုင်ငံအစိုးရနှင့် ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) တို့ ပူးပေါင်းပြီး သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် အမျိုးသားဥယျာဉ် များစီမံကိန်း (Nature Conservation National Park Project – NCNPP) ကို စတင်ခဲ့ပြီး ခေတ်သစ် ထိန်းသိမ်းကာကွယ်ရေးကို စတင်ခဲ့သည်။ သစ်တောဦးစီးဌာနအောက်တွင် သဘာဝပတ်ဝန်း ကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာနအား ဖွဲ့စည်းပြီး သဘာဝထိန်းသိမ်းရေးနယ်မြေများ စီမံအုပ်ချုပ်မှုနှင့် ဇီဝမျိုးစုံ မျိုးကွဲထိန်းသိမ်းခြင်းကို တာဝန်ယူ ဆောင်ရွက်စေခဲ့သည်။

 

မြန်မာနိုင်ငံ၏ သဘာဝထိန်းသိမ်းရေးနယ်မြေများသည် မြောက်ဘက်ပိုင်း၊ အလယ်ပိုင်းသစ်တော များမှ‌‌တောင်ဘက်ပိုင်း ဒီရေတောနှင့် အပူပိုင်း မိုးသစ်တောများအထိ ကိုယ်စားပြုသည်။ သဘာဝ ထိန်းသိမ်းရေးနယ်မြေ ၃၉ ခုအနက် ခုနစ်ခုမှာ အာဆီယံအမွေအနှစ်ဥယျာဉ်စာရင်းတွင် ပါဝင်ပြီး နိုင်ငံအလိုက် အရေအတွက်အားဖြင့် အများဆုံး ဖြစ်သည်။ အာဆီယံအမွေအနှစ်ဥယျာဉ်များအဖြစ် သတ်မှတ်ခံထားရသော သဘာဝထိန်းသိမ်းရေး နယ်မြေများမှာ ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်၊ အင်းတော်ကြီး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်၊ မိန်းမလှတောရိုင်းတိရစ္ဆာန် ဘေးမဲ့တောနှင့် လန်ပိ ကျွန်းအဏ္ဏဝါအမျိုးသားဥယျာဉ်တို့ဖြစ်သည်။

 

သက်ရှိများကို သဘာဝအလျောက် ကာကွယ်ပေးနေသည့် သဘာဝဂေဟစနစ် ပျက်စီးယိုယွင်းမှုကြောင့် ကျန်းမာရေးကို ထိခိုက်နိုင်သော ရောဂါများ ဖြစ်ပွားကူးစက်ပြန့်ပွားနိုင်သည့် အခြေအနေများကို ဖန်တီးဖြစ်ပေါ်စေနိုင်သည်။ ၂ဝ၂ဝ ပြည့်နှစ်သည် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါအပါအဝင် ဘေး အန္တရာယ်များစွာကို ရင်ဆိုင်ခဲ့ရသည့် နှစ်တစ်နှစ် ဖြစ်သကဲ့သို့ ယခုအချိန်ကာလအထိ ကိုဗစ်-၁၉ ကပ်ရောဂါ ဆက်လက်ဖြစ်ပွားနေမှုနှင့်အတူ တစ်စထက်တစ်စ ယိုယွင်းပျက်စီးလာသည့် သဘာဝ သယံဇာတ၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုနှင့် ရာသီဥတု ဖောက်ပြန်မှုဆိုင်ရာ ပြဿနာများကို ဖြေရှင်းနိုင် ရေးအတွက် အဓိကကျသည့် သဘာဝဂေဟစနစ် ပြန်လည်ထိန်းသိမ်းခြင်းကို မိမိတို့အားလုံး အဓိက ဦးစားပေးအရေးကြီးလုပ်ငန်းအနေဖြင့် အထူးအလေးထား အကောင်အထည်ဖော်ဆောင်ရွက် သွားကြရန် လိုအပ်နေပြီဖြစ်သည်။

 

ယနေ့ ကြုံတွေ့နေရသည့် သစ်တောပြုန်းတီး ခြင်း၊ တောရိုင်းတိရစ္ဆာန်တို့၏ နေရင်းဒေသများကို ကျူးကျော်ခြင်းနှင့် တရားမဝင်ရောင်းဝယ်ခြင်း၊ စနစ်တကျစီမံမှုမရှိသည့် စိုက်ပျိုးရေးလုပ်ငန်းများ အလွန်အကျွံချဲ့ထွင်ခြင်းနှင့် ကာဗွန်ထုတ်လုပ်မှု များပြားသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြောင့် ရာသီဥတုပြောင်းလဲမှုကို လျင်မြန်စေခြင်းတို့သည် လူသားတို့၏ ဆောင်ရွက်မှုများကြောင့်ဖြစ်ပြီး သဘာဝ၏ ဟန်ချက်ညီမှုကို ပြိုကွဲပျက်စီးစေသည်။

 

ယနေ့ တိုးတက်လာသော ခေတ်ကြီးတွင် စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ကမ္ဘာ လေထုနှင့်ရေထုမှာလည်း ညစ်ညမ်းစေမှုကို ဦးတည်လာနေပြီဖြစ်သည်။ အသေးစား စက်မှု လုပ်ငန်းများသည် အဆိပ်သင့်ရေဆိုးများကို မြစ်၊ ချောင်းများထဲသို့ အလွယ်တကူ စွန့်ထုတ်ကြခြင်းကြောင့် ငါးများနှင့် ရေနေသတ္တဝါများကို သေစေပြီး သောက်သုံးရေများကို ညစ်ညမ်းစေခြင်းသည် သဘာဝပတ်ဝန်းကျင်အပေါ်တွင် ကြီးမားသော အကျိုးသက်ရောက်မှုကို ဖြစ်ပေါ်စေလျက်ရှိသည်။ တစ်ချိန်တည်းတွင် စက်မှုဇုန်များမှ ဓာတုစွန့်ပစ် ပစ္စည်းများ စွန့်ထုတ်ခြင်းကြောင့် အနီးအနား ပတ်ဝန်းကျင်များတွင် နေထိုင်သော သက်ရှိများ၏ ကျန်းမာရေးနှင့် အသက်ရှင်နေထိုင်မှုကို ဆိုးရွားစွာ အန္တရာယ် ဖြစ်နိုင်ပါသည်။

 

ရေထုညစ်ညမ်းမှုဖြစ်ပေါ်စေ

 

ကမ္ဘာ့နိုင်ငံအသီးသီးတွင် စက်ရုံများမှ ထုတ်လွှတ်သော ပလတ်စတစ်ပစ္စည်းများ၊ စွန့်ပစ်ပစ္စည်းများ၊ မိလ္လာအညစ်အကြေးများစွန့်ပစ်ခြင်း၊ ရေဆိုး၊ ရေညစ်များစွန့်ပစ်ခြင်း၊ သတ္တုတူးဖော်ခြင်း လုပ်ငန်းများ၊ ပင်လယ်ထဲသို့ အမှိုက်စုပုံပစ်ခြင်း တို့ကြောင့် ရေထုကို ညစ်ညမ်းစေပါသည်။ ထို့ပြင် မြေမှထုတ်ယူရရှိသော လောင်စာများ လောင်ကျွမ်း ရာမှ ပင်လယ်ထဲသို့ စီးဝင်ခြင်း၊ ဓာတ်မြေဩဇာ နှင့် ပိုးသတ်ဆေးများ အလွန်အကျွံသုံးစွဲပက်ဖျန်း ခြင်း၊ ရေစီးနှင့်အတူ ဓာတုပစ္စည်းများ ရေထဲသို့ စီးဆင်းခြင်း၊ ရေပုပ်ရေဆိုးများ ပိုက်လိုင်းများမှ ယိုထွက်ခြင်း၊ ကမ္ဘာကြီးပူနွေးလာခြင်း၊ ရေနေ သတ္တဝါများ သေဆုံးခြင်း၊ ကုန်းနေသတ္တဝါများမှ အညစ်အကြေးပေါင်းစုံ စွန့်ပစ်ခြင်းများကြောင့် ရေထုညစ်ညမ်းခြင်းများ ဖြစ်ပေါ်စေသကဲ့သို့ မြေအောက်မှ ရေနံတူးဖော်ခြင်း၊ ကျောက်မီးသွေး တူးဖော်ခြင်းတို့မှ ဘေးထွက်ပစ္စည်းများ မတော် တဆ ယိုစိမ့်ထွက်ခြင်းစသည့် အကြောင်းများ ကြောင့် ရေထုညစ်ညမ်းမှုတို့ဖြစ်ပေါ်စေသည်။

 

ကမ္ဘာမြေကြီးကို လေထုဖြင့် လွှမ်းခြုံထားပြီး ထိုလေထု၏ အောက်ခြေအလွှာအတွင်းတွင် ဓာတ်ငွေ့များနှင့် မြူမှုန်၊ ဒြပ်မှုန်တို့ ပျံ့လွင့်လျက် ရှိသည်။ အချို့ကို သာမန်မျက်စိဖြင့် မြင်နိုင်သော် လည်း အချို့မှာ အလွန်သေးငယ်သောကြောင့် မြင်နိုင်စွမ်းမရှိပါ။ ထိုမြူမှုန်၊ ဒြပ်မှုန်တို့ လေထုထဲသို့ရောက်ရှိလာရခြင်းအကြောင်းအရင်းမှာ သဘာဝအလျောက် ဖြစ်ပေါ်ခြင်းနှင့် လူသားတို့၏ လုပ်ဆောင် မှုကြောင့်ဟူ၍ နှစ်မျိုး ခွဲခြားနိုင်သည်။

 

သဘာဝအလျောက် ဖြစ်ပေါ်လာနိုင်သော လေထုညစ်ညမ်းခြင်းများမှာ မီးတောင်ပေါက်ကွဲမှု၊ တောမီးလောင်ကျွမ်းမှုတို့မှ ချော်မှုန်၊ ပြာမှုန်များ လေထုအတွင်းသို့ ရောက်ရှိလာရခြင်းကြောင့်ဖြစ်သည်။

 

လူသားတို့၏လုပ်ဆောင်မှုကြောင့် လေထု ညစ်ညမ်းမှုဖြစ်ရခြင်း အကြောင်းအချက်တို့မှာ ရုပ်ကြွင်းလောင်စာများဖြစ်သော ကျောက်မီးသွေး၊ ရေနံနှင့် ထင်းမီးသွေး အသုံးပြုခြင်းများအပြင် ရွှေ့ပြောင်းတောင်ယာ စိုက်ပျိုးရန်အတွက် သစ်တောများခုတ်ထွင်ရှင်းလင်း၍ မီးရှို့ရာမှ ထွက်ပေါ်လာသော ဓာတ်ငွေ့များနှင့်ပြာများ၊ ကျောက်မီးသွေးမှုန့် များ၊ ကျပ်ခိုးများထဲတွင် မျောပါပျံ့လွင့်ခြင်းတို့ ကြောင့်ဖြစ်သည်။ ကျောက်မီးသွေးနှင့် လောင်စာ များဖြစ်သော ဓာတ်ဆီ၊ ဒီဇယ်ဆီတို့ကို လျှပ်စစ် ဓာတ်အားပေးစက်၊ စက်မှုကုန်ထုတ်စက်ရုံများ ပို့ဆောင်ရေး ယာဉ်တို့တွင် အသုံးပြုရာမှ ထွက်ပေါ်လာသည့် SO2 နှင့် NOH ဓာတ်ငွေ့များအပြင် မီးခိုး ကျပ်ခိုးနှင့် ဒြပ်မှုန်တို့သည်လည်း လေထုညစ်ညမ်း မှုကိုဖြစ်စေပြီး အက်စစ်ဖြစ်ထွန်းခြင်းများ ဖြစ်ပေါ်စေသည်။

 

အက်စစ်ဖြစ်ထွန်းမှုကြောင့် သက်ရှိသတ္တဝါ များနှင့် သက်မဲ့ရုပ်ဝတ္ထုများကို ထိခိုက်ပျက်စီး ဆုံးရှုံးမှုများ ဖြစ်ပေါ်စေသည်။ မြစ်ချောင်း၊ အင်းအိုင် များတွင် အက်စစ်ဖြစ်ထွန်းမှုများပြားလာပါက မှီတင်းနေထိုင်သော ရေနေသတ္တဝါများအား ထိခိုက် ပျက်စီးစေသည်။ ငါးတို့သည် ငါးသားဥ သားဖောက် ခြင်းကို ဆောင်ရွက်နိုင်ခြင်းမရှိတော့ချေ။ ထို့အပြင် ငါးတို့၏ အစာဖြစ်သော ပိုးမွှားကောင်များ သေကျေ ပျက်စီးကြသဖြင့် အစာအာဟာရ ရှားပါးမှုကြုံတွေ့ရ သည်။ မြေဆီလွှာ တိုက်စားမှုမှ ပါဝင်လာသော သတ္တုများကြောင့် ငါးများ၏ ပါးဟက်များ ပျက်စီးမှုများဖြစ်ပေါ်ကာ အသက်ရှူရန် အခက်အခဲဖြစ်ပြီး သေဆုံးကြရသည်။

 

သစ်ပင်သစ်တောများသည် လေထဲတွင် မျောပါလာသည့် အက်စစ်ဖြစ်ထွန်းစေသော မြူမှုန်၊ ဒြပ်မှုန်များကျရောက်သဖြင့် ဧရိယာကျယ်ပြန့်စွာ တဖြည်းဖြည်း ခြောက်သွေ့သေဆုံးသည်ကို‌ တွေ့မြင်ရသည်။ မြေဆီလွှာတွင်ရှိသော မြေဩဇာ များကို အက်စစ်များမှ‌ချေဖျက်သဖြင့် သစ်ပင်များ အာဟာရခေါင်းပါးမှုကို ကြုံတွေ့နိုင်သည်။ ထိုအခါ သစ်ပင်မှ သစ်ရွက်များ တဖြည်းဖြည်း ကျဲပါးလာ သည်။ ထို့နောက် သစ်ပင်၏ ပင်စည်များတွင် ကပ်ပါးမှိုများကျရောက်၍ သစ်တော၊ သစ်ပင်များ ကို ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်စေသည်။

 

အသိပေးနှိုးဆော်

 

သဘာဝပတ်ဝန်းကျင် တည်ငြိမ်မှုမရှိခြင်း (Environmental Instability) သည် ပြည်သူ့ ကျန်းမာရေးပြဿနာများ ဖြစ်ပေါ်လာတော့မည်ကို နိမိတ်ပြနေခြင်းပင်ဖြစ်ကြောင်း သိရှိနားလည် သဘောပေါက်လာကြသည့်အတွက် သဘာဝ ပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းရေး ပြုလုပ်ကြရန် နှိုးဆော်တိုက်တွန်းမှုများ ပြုလုပ်ကြဖို့ ဆုံးဖြတ်ခဲ့ကြ သည်။ ကမ္ဘာမြေကြီး၏ အရေးကြီးပုံကို သတိပြုမိ သိရှိစေလိုသောကြောင့် နှစ်စဉ် ဧပြီလ ၂၂ ရက်နေ့ ကို ကမ္ဘာမြေကြီးနေ့ (Earth Day) အဖြစ် သတ်မှတ် ခဲ့ကြသည်။ နှစ်စဉ် ဇွန်လ ၅ ရက်နေ့ကို သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ဟူ၍ သတ်မှတ်ခဲ့ ကြသည်။ ထိုသို့ သတ်မှတ်ခြင်းသည် ကမ္ဘာပေါ်ရှိ လူသားတိုင်း သဘာဝပတ်ဝန်းကျင်ကို မပျက်စီးအောင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ကြဖို့ တာဝန်ရှိကြောင်းကို နှစ်စဉ် အသိပေးနှိုးဆော်ပေး နေခြင်းဖြစ်သည်။

 

ယနေ့ခေတ်သည် ပြောင်းလဲတိုးတက်မှုများ မြင့်မားလာသော ခေတ်ဖြစ်သည်နှင့်အညီ ပတ်ဝန်း ကျင်ထိခိုက်မှုများ၊ ညစ်ညမ်းမှုများ ရင်ဆိုင်ကြုံတွေ့ နေရသောကြောင့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာရခြင်းသည် အပင်များ ဆုံးရှုံးရခြင်း၏ အကြောင်းတစ်ရပ်ဖြစ်သည်။ မြန်မာနိုင်ငံသည် သဘာဝအပင်များနှင့် သယံဇာတပစ္စည်းများ စီးပွားရေးနှင့် စက်မှုအသုံးဝင်အပင်များ၊ ဆေးဖက်ဝင်သော အပင်များကို စနစ်တကျလေ့လာပြုပြင် ထိန်းသိမ်းရန်နှင့် တိုးချဲ့စိုက်ပျိုးရန် အထူးလိုအပ်လှသည်။ တောင်ပေါ်မြေပြန့်မတူညီသော နယ်စပ်ဒေသတိုင်းရင်းသား ပြည်သူတို့အား အပင်စိုက်ပျိုးရာတွင် နည်းစနစ်ကျစေရန်နှင့် ဓာတုဆေးများ၊ ပိုးသတ်ဆေးများနှင့် မြေဩဇာများအလွန်အကျွံ အသုံးပြုမှုသည် စားသုံးသူများ၊ ကျန်းမာရေး ထိခိုက်စေနိုင်ပြီး မြေဆီလွှာကို လျင်မြန်စွာ ပျက်စီးစေနိုင်ကြောင်းကို အသိပညာပေးရမည်။ ဇီဝမြေဩဇာများကို အစားထိုးသုံးစွဲ တတ်စေရန်နှင့် အော်ဂဲနစ်အပင်များ စိုက်ပျိုးတတ်စေရန်၊ လူတို့ ကြောင့်နှင့် သဘာဝတရားများကြောင့်ဖြစ်သော အပင်နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကို ခွဲခြမ်းစိတ်ဖြာဖော်ထုတ်၍ မည်ကဲ့သို့ တားဆီးလျှော့ချနိုင်မည်ကို စဉ်းစား‌တွေးခေါ် လုပ်ဆောင်နိုင်စွမ်းများ ရရှိနိုင်စေရန်နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာများကို လေ့လာဆည်းပူး၍ တန်ဖိုးထားတတ်စေရန် ကျောင်းသင်ခန်းစာများတွင် ထည့်သွင်း၍ အသိပညာများ ဖြန့်ဝေပေးလျက် ရှိသည်။

 

ကမ္ဘာမြေဆက်လက်ရှင်သန်နိုင်ရန် ကာကွယ် စောင့်ရှောက်မှုပြုလုပ်ရမည်ဖြစ်၍ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်နှင့် စစ်ကိုင်း) ဇီဝဗေဒဌာနများရှိ ဆရာ ဆရာမများက သတ္တဗေဒဘာသာရပ် (Zoology) နှင့် ရုက္ခဗေဒ ဘာသာရပ် (Botany) တို့ကို သင်ကြားပေးခြင်းဖြင့် အသိပညာများ ပေးလျက်ရှိသည်။

 

မြန်မာနိုင်ငံ၏ စီးပွားရေး၊ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ရေးတွင် အရေးကြီးသည့် အခန်းကဏ္ဍမှပါဝင်နေသော သစ်ပင်၊ သစ်တောများ၊ တိရစ္ဆာန်ဇီဝမျိုးစုံမျိုးကွဲများ၏ အကျိုးကျေးဇူးများကို ကောင်းစွာနားလည်သဘောပေါက်၍ သစ်ပင်များမရှိတော့သည့်နေရာများ တွင် သစ်တောများ ပြန်လည်ဖြစ်ပေါ်လာရန် ဒေသခံ ပြည်သူများနှင့် နိုင်ငံသူနိုင်ငံသားအားလုံး ပူးပေါင်းပြီး ပြည်သူများ၏ အသိဉာဏ်ပညာ ဖွံ့ဖြိုးလာစေရေးအတွက် သစ်တောထိန်းသိမ်းရေးနှင့် ပတ်သက်ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်သင့်ကြောင်း ရေးသားတင်ပြလိုက်ပါသည်။ ။