ဒေါက်တာတင်အောင်ဝင်း(ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန)
ကျွန်ုပ်တို့၏ နေ့စဉ်လူနေမှုဘဝတွင် မလွဲမသွေတွေ့ကြုံနေရသောအရာများတွင် စွန့်ပစ်ပစ္စည်းများသည် တစ်ခုအပါအဝင် ဖြစ်သည်။ ကျွန်ုပ်တို့၏ ပတ်ဝန်းကျင်တွင် ကောင်းမွန်သည့် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုများနှင့်အတူ သန့်ရှင်းသည့်ပတ်ဝန်းကျင် အခြေအနေများရှိသလို စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုဆိုင်ရာ လိုအပ်ချက်များနှင့် စွန့်ပစ်ပစ္စည်းများကို စည်းကမ်းမဲ့စွာ စွန့်ပစ်မှုများကြောင့် မြေထု၊ ရေထုနှင့် လေထုညစ်ညမ်းမှုများ အပါအဝင် ညစ်ညမ်းသည့် ပတ်ဝန်းကျင် အခြေအနေများလည်း ရှိနေပါသည်။ ကျန်းမာရေးနှင့်ညီညွတ်သော သန့်ရှင်းသည့်ပတ်ဝန်းကျင်တွင် ကျွန်ုပ်တို့နေထိုင်ရှင်သန်နိုင်ရေးကို ရည်ရွယ်၍ စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုနှင့်ပတ်သက်ပြီး လေ့လာတင်ပြလိုက်ခြင်းဖြစ်သည်။
စွန့်ပစ်ပစ္စည်းဆိုသည်မှာ
စွန့်ပစ်ပစ္စည်းဟုဆိုရာတွင် ၂၀၁၂ ခုနှစ်တွင် အတည်ပြုထုတ်ပြန်ခဲ့သော ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဥပဒေပါ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ ပတ်ဝန်းကျင်၌ ညစ်ညမ်းမှုကို ဖြစ်ပေါ်စေသော ပစ္စည်းပမာဏ၊ ဖွဲ့စည်းမှု သို့မဟုတ် နည်းလမ်းတစ်ရပ်ရပ်ဖြင့် ပတ်ဝန်းကျင်တွင် စွန့်ပစ်သည့်၊ ထုတ်လွှတ်သည့် သို့မဟုတ် စုပုံသည့် အစိုင်အခဲ၊ အရည်နှင့် အခို အငွေ့များ ဖြစ်ပါသည်။
စွန့်ပစ်ပစ္စည်း အမျိုးအစားများစွာရှိပြီး စွန့်ပစ်ပစ္စည်းများသည် နေအိမ်များ၊ စားသောက်ဆိုင်များ၊ စက်မှုလုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းများ၊ သတ္တုတူးဖော်ရေး လုပ်ငန်းများ၊ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ၊ မြို့ပြနှင့် ကျေးလက်ဒေသများ စသည့်လုပ်ငန်း ကဏ္ဍ၊ နေရာအသီးသီးမှ ထွက်ရှိလာကြောင်း လေ့လာ တွေ့ရှိရပါသည်။ အဆိုပါစွန့်ပစ်ပစ္စည်းများတွင် ဘေးအန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းများ၊ ဘေးအန္တရာယ်မရှိသော စွန့်ပစ်ပစ္စည်းများ၊ ကုန်ကြမ်းအဖြစ် ပြန်လည်ပြုပြင်အသုံးပြုနိုင်သော စွန့်ပစ်ပစ္စည်းများ နှင့် ပြန်လည်ပြုပြင်အသုံးပြု၍ မရနိုင်သော စွန့်ပစ် ရန်လိုအပ်သည့် စွန့်ပစ်ပစ္စည်းများပါဝင်ကြသည်။
စွန့်ပစ်ပစ္စည်းထွက်ရှိမှုနှင့်ပတ်သက်၍ လေ့လာတွေ့ရှိချက်များ
ကုလသမဂ္ဂ ပတ်ဝန်းကျင်အစီအစဉ်၏ လေ့လာဆန်းစစ်တွေ့ရှိမှုများအရ ကမ္ဘာပေါ်တွင် နှစ်စဉ်စွန့်ပစ်ပစ္စည်းထွက်ရှိမှု ပမာဏသည် ၁၁ ဒသမ ၂ ဘီလီယံတန်ခန့်ရှိနေပြီး ပလတ်စတစ် စွန့်ပစ် ပစ္စည်းပမာဏအနည်းဆုံး တန်ချိန် ရှစ်သန်းခန့်သည် ပင်လယ်နှင့် သမုဒ္ဒရာများအတွင်းသို့ နှစ်စဉ်ရောက်ရှိနေကာ ညစ်ညမ်းမှုများ ဖြစ်ပေါ်လျက်ရှိ ကြောင်း လေ့လာသိရှိရသည်။
ကမ္ဘာ့ဘဏ်၏ ၂၀၁၂ ခုနှစ်အတွက် ခန့်မှန်းချက်များအရ မြန်မာနိုင်ငံတွင် အစိုင်အခဲစွန့်ပစ် ပစ္စည်းများ တစ်ရက်လျှင် ၅၆၁၆ မက်ထရစ်တန် ထွက်ရှိနေပြီး နိုင်ငံသားတစ်ဦးချင်းအနေဖြင့် တစ်ရက်လျှင် စွန့်ပစ်ပစ္စည်း သုည ဒသမ ၄၄ ကီလို ဂရမ် စွန့်ပစ်လျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ်တွင် ၂၁၀၁၂ မက်ထရစ်တန်နှင့် သုည ဒသမ ၈၅ ကီလို ဂရမ်သို့ အသီးသီး ရောက်ရှိလာနိုင်ကြောင်း ခန့်မှန်းထားသည်။
လတ်တလော ခန့်မှန်းမှုများအရ ၂၀၁၇ ခုနှစ် ကမြန်မာတစ်နိုင်ငံလုံးအနေဖြင့် စွန့်ပစ်ပစ္စည်းတစ်ရက်လျှင် မက်ထရစ်တန် ၂၀၀၀၀ ခန့် ထွက်ရှိ ကြောင်း Netherland Enterpriser Agency ၏ ၂၀၁၇ ခုနှစ် အစီရင်ခံစာအရ သိရသည်။ ထို့ပြင် ရန်ကုန်နှင့်မန္တလေးမြို့ကြီးများတွင် လူတစ်ဦးမှ တစ်ရက်လျှင် စွန့်ပစ်ပစ္စည်း သုည ဒသမ ၈ ကီလို ဂရမ်ထွက်ရှိပြီး ၂၀၂၅ ခုနှစ်တွင် လူတစ်ဦးမှ တစ်ရက်လျှင် စွန့်ပစ်ပစ္စည်း တစ်ကီလိုဂရမ်ခန့် ထွက်ရှိမည်ဖြစ်ကြောင်း ထိုအစီရင်ခံစာတွင် ခန့်မှန်း ဖော်ပြထားပါသည်။ မြန်မာနိုင်ငံမှ ထွက်ရှိသော စွန့်ပစ်ပစ္စည်းပမာဏ စုစုပေါင်းအနက် ခန့်မှန်းခြေအားဖြင့် ၅၀ ရာခိုင်နှုန်းခန့်မှာ အဓိကမြို့ကြီးသုံးမြို့ဖြစ်သော ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် နေပြည်တော်တို့မှ ထွက်ရှိလျက်ရှိသည်။ ရန်ကုန်မြို့မှ တစ်ရက် လျှင် တန်ချိန် ၂၀၀၀ ခန့်၊ မန္တလေးမြို့မှ တစ်ရက်လျှင် ၉၅၅ တန်ခန့်နှင့် နေပြည်တော်မှ တစ်ရက်လျှင် တန် ၂၀၀ ခန့် ထွက်ရှိကြောင်း လေ့လာသိရှိရသည်။ [ကိုးကားချက်။ မြန်မာနိုင်ငံ အမျိုးသားအဆင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုမဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ် (၂၀၁၈-၂၀၃၀)]

စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုဆိုင်ရာ လက်ရှိအခြေအနေ
လက်ရှိအချိန်တွင် ကမ္ဘာ့နိုင်ငံအသီးသီး အနေဖြင့် ရာသီဥတုပြောင်းလဲမှု အပါအဝင် သဘာဝ သယံဇာတများ လျော့နည်းဆုံးရှုံးလာခြင်း၊ ဂေဟစနစ်များ ပျက်စီးခြင်း၊ သစ်တောများ ပြုန်းတီးခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများ လျော့နည်းဆုံးရှုံးလာခြင်း၊ ရေအရင်းအမြစ်များ ရှားပါးလာခြင်း၊ လေထုနှင့် ရေထုညစ်ညမ်းမှုများ ဖြစ်ပေါ်လာခြင်း စသည့် ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှု ပြဿနာများကို ရင်ဆိုင်ကြုံတွေ့နေကြရသည်။ အဆိုပါပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများအား ဖြစ်ပေါ်စေသည့် အဓိက အကြောင်းရင်းများတွင် စွန့်ပစ်ပစ္စည်းများသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။
ထို့အပြင် ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးတွင် စွန့်ပစ်ပစ္စည်းများအား တစ်နိုင်ငံမှတစ်နိုင်ငံသို့ တရားမဝင် တင်သွင်း/ တင်ပို့မှုများကို ဖြေရှင်း ဆောင်ရွက်နေကြရသည်။ လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုနှင့် ပတ်သက် ပြီး နည်းပညာပိုင်းဆိုင်ရာ အကန့်အသတ်များ ရှိနေ ခြင်းနှင့် စနစ်တကျစီမံခန့်ခွဲနိုင်ရန် လိုအပ်ချက်များ ရှိနေခြင်းတို့ကြောင့် မြန်မာနိုင်ငံအတွင်းသို့ ပလတ် စတစ်စွန့်ပစ်ပစ္စည်းများ၊ အီလက်ထရွန်နစ်စွန့်ပစ် ပစ္စည်းများ၊ ဘေးအန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းများအား တရားမဝင်တင်သွင်းမှုများ ဖြစ်ပေါ်လာပါက ပြည်တွင်း၌ စွန့်ပစ်ပစ္စည်း စုပုံရောက်ရှိနိုင်မှုကို အထူးဂရုပြု ကာကွယ်တားမြစ်နိုင်ရေး စီမံ ဆောင်ရွက်ကြရမည်ဖြစ်သည်။
စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုနှင့် ပတ်သက်ပြီး လက်ရှိအချိန်တွင် ကမ္ဘာ့နိုင်ငံများက အာရုံစိုက်ပြီး အလေးထား ဆောင်ရွက်လျက်ရှိသော ကိစ္စရပ်တစ်ခုမှာ ပလတ်စတစ်စွန့်ပစ်ပစ္စည်းညစ်ညမ်းမှု တိုက်ဖျက်ရေးဖြစ်သည်။ ပစ္စည်းများအား ထုပ်ပိုးရာတွင် အသုံးပြုသည့် ပလတ်စတစ်အိတ်များသည် ကမ္ဘာပေါ်တွင် တစ်ခါသုံး ပလတ်စတစ်စွန့်ပစ်ပစ္စည်း ထွက်ရှိမှု၏ အဓိကကျသည့် အစိတ်အပိုင်းတစ်ခုဖြစ်သည်။ တစ်ခါသုံး ပလတ်စတစ်ထုတ်ကုန်များကို အများအပြားသုံးစွဲလာပြီး ပလတ်စတစ်စွန့်ပစ်၏ပစ္စည်းများကို ပြန်လည်ပြုပြင်ထုတ်လုပ်နိုင်မှု လျော့ကျလာပါက ပတ်ဝန်းကျင်ကို ထိခိုက်စေနိုင် သော ပလတ်စတစ်စွန့်ပစ်ပစ္စည်းများ တိုးပွားလာ မည့်အခြေအနေနှင့်အတူ ပလတ်စတစ်စွန့်ပစ် ပစ္စည်းများ မြေပြင်မှတစ်ဆင့် မြစ်များ၊ ချောင်းများ၊ ပင်လယ်သမုဒ္ဒရာများသို့ ရောက်ရှိပြီး အဏ္ဏဝါ ပတ်ဝန်းကျင်ညစ်ညမ်းမှုများ ဖြစ်ပေါ်လာမည့် အခြေအနေကို ကမ္ဘာ့နိုင်ငံများက စိုးရိမ်လျက်ရှိ ကြသည်။
ထို့ကြောင့် ပလတ်စတစ် စွန့်ပစ်ပစ္စည်းများ ကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှု ပြဿနာများကို ဖြေရှင်းဆောင်ရွက်နိုင်ရေးအတွက် ကုလသမဂ္ဂ ပတ်ဝန်းကျင်ထိန်းသိမ်းရေးညီလာခံများတွင် ကမ္ဘာ့ နိုင်ငံများ ဆွေးနွေးညှိနှိုင်းပြီး ပလတ်စတစ်ညစ်ညမ်း မှုနှင့်ပတ်သက်သော ဥပဒေအရ စည်းနှောင်မှုရှိသည့် ကမ္ဘာလုံးဆိုင်ရာ သဘောတူညီချက်တစ်ခု (An internationally legally binding instrument on plastic pollution) ချမှတ်နိုင်ရန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။
လက်ရှိအချိန်တွင် မိမိတို့နိုင်ငံအတွင်း၌ စွန့်ပစ် ပစ္စည်းဆိုင်ရာပြဿနာများကို လေ့လာကြည့်မည် ဆိုပါက မြို့ပြနှင့် ကျေးလက်ဒေသအချို့တွင် စွန့်ပစ် ပစ္စည်းများကို လမ်းဘေးဝဲယာနေရာများ၊ နောက်ဖေး လမ်းကြားများ၊ ရေမြောင်းများ၊ အင်းအိုင်များ၊ ချောင်းများ၊ မြစ်များနှင့် ပင်လယ်ကမ်းစပ်နေရာများတွင် စည်းကမ်းမဲ့ တိုက်ရိုက်စွန့်ပစ်ခြင်း၊ လေဟာပြင်တွင် စုပုံစွန့်ပစ်ခြင်းနှင့် လေဟာပြင်တွင် မီးရှို့ဖျက်ဆီးခြင်းတို့ကြောင့် မိမိတို့နေထိုင်ရာ ပတ်ဝန်းကျင်တွင် ညစ်ညမ်းမှုများ ဖြစ်ပေါ်လျက်ရှိ သည့်အပြင် အကျိုးဆက်အနေဖြင့် လေထုညစ်ညမ်းမှု၊ ရေထုညစ်ညမ်းမှုနှင့် မြေထုညစ်ညမ်း မှုများကိုပါ ဖြစ်ပေါ်စေလျက်ရှိသည်။
အဆိုပါညစ်ညမ်းမှုများသည် ပြည်သူလူထု၏ ကျန်းမာရေးနှင့် မြစ်ချောင်းအင်းအိုင်၊ ပင်လယ် သမုဒ္ဒရာများအတွင်းရှိ ဂေဟစနစ်များနှင့် ဇီဝမျိုးစုံ မျိုးကွဲများကို ထိခိုက်စေနိုင်ရုံသာမက အဆိုပါစွန့်ပစ် ပစ္စည်းဆိုင်ရာ ပြဿနာများကို ဖြေရှင်းဆောင်ရွက် ရန်အတွက် နိုင်ငံတော်က ကုန်ကျစရိတ်များစွာ အသုံးပြုဆောင်ရွက်နေရသည်။
စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုကို စနစ်တကျစီမံဆောင်ရွက်သင့်
စွန့်ပစ်ပစ္စည်းများကို စနစ်တကျစီမံဆောင် ရွက်နိုင်ရေးအတွက် စွန့်ပစ်ပစ္စည်းများကြောင့် ဖြစ်ပေါ်လာနိုင်သော ပတ်ဝန်းကျင်ညစ်ညမ်းမှုများနှင့် လူသားတို့၏ ကျန်းမာရေးအပေါ် ထိခိုက်မှုများအား ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်မည့် နည်းလမ်း များကို ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကျင့်သုံးဆောင်ရွက် လာကြသည်။ အဆိုပါနည်းလမ်းများမှာ 3Rs (Reduce – Reuse – Recycle) ဆိုသည့် စွန့်ပစ်ပစ္စည်းများကို လျှော့ချခြင်း၊ ပြန်လည်အသုံးပြုခြင်း၊ ပြန်လည် ပြုပြင်ထုတ်လုပ်ခြင်းဆိုင်ရာနည်းလမ်း၊ ပတ်ဝန်းကျင် ထိခိုက်မှုမရှိစေသော ခိုင်လုံသည့်စွန့်ပစ်ပစ္စည်း စီမံ ခန့်ခွဲမှုစနစ် (Environmentally Sound Waste Management)၊ စွန့်ပစ်ပစ္စည်းများမှ စွမ်းအင်ထုတ် လုပ်ခြင်း၊ စွန့်ပစ်ပစ္စည်းများကို ပြန်လည်အသုံးပြု သည့် ပတ်လည်စီးပွားရေးစနစ် (Circular Eco-nomy)၊ ထုတ်လုပ်သူက တာဝန်ယူဖြေရှင်းဆောင် ရွက်သည့်နည်းလမ်း (Extended Producer Respon-sibility) နှင့် စွန့်ပစ်ပစ္စည်းများကို ကုန်ကြမ်းပစ္စည်း များအဖြစ် ပြန်လည်ပြုပြင်ထုတ်လုပ်ခြင်းတို့ ဖြစ်ကြ ပါသည်။
ယခင်က စွန့်ပစ်ပစ္စည်းများသည် အသုံးမလို သည့်အတွက် စွန့်ပစ်လိုက်သောပစ္စည်းများ သက်သက်သာဖြစ်ခဲ့ပြီး လက်ရှိကာလတွင် နည်းပညာများ ဖွံ့ဖြိုးလာခြင်းနှင့် တီထွင်ဆန်းသစ် မှုများ တိုးတက်လာခြင်းတို့ကြောင့် ကမ္ဘာ့နိုင်ငံများ တွင် စွန့်ပစ်ပစ္စည်းများကို ပြန်လည်အသုံးပြုနိုင် သောပစ္စည်းများ၊ ကုန်ကြမ်းပစ္စည်းများနှင့် စွမ်းအင် များအဖြစ် ထုတ်လုပ်လာနိုင်ပြီဖြစ်သည်။ ထိုသို့ ဆောင်ရွက်လာနိုင်မှုများကြောင့် နိုင်ငံဖွံ့ဖြိုး တိုးတက်ခြင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ခြင်း၊ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ခြင်း၊ နိုင်ငံဝင်ငွေ တိုးတက်လာခြင်းနှင့် နိုင်ငံအတွင်း၌ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခြင်း စသည့်အကျိုး ကျေးဇူးများကို ရရှိလာကြသည်။
သဘာဝသယံဇာတများသည် လူသားများ၏ လိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်မှုသည် အကန့်အသတ်ဖြင့် ရှိနေသည်ဖြစ်ရာ သဘာဝ သယံဇာတများကို စဉ်ဆက်မပြတ် ထုတ်ယူအသုံးပြု ခွင့်ရရှိနိုင်ရန် လိုအပ်လှသည်။ စွန့်ပစ်ပစ္စည်းများကို စနစ်တကျစီမံခန့်ခွဲ ဆောင်ရွက်ပြီး ကုန်ကြမ်းပစ္စည်း များ၊ အရင်းအမြစ်များအဖြစ် ပြန်လည်ပြုပြင် ထုတ်လုပ်အသုံးပြုခြင်းသည် သဘာဝသယံဇာတ များကို စဉ်ဆက်မပြတ်ထုတ်ယူအသုံးပြုနိုင်ရေး၊ သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ရေးနှင့် ကျွန်ုပ်တို့ ရှင်သန်နေထိုင်ရာကမ္ဘာကြီး ရေရှည် တည်တံ့ရေးတို့ကို များစွာအထောက်အကူဖြစ် စေနိုင်မည်ဖြစ်သည်။
မြို့ပြနှင့် ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက် ရေးနှင့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး တို့ကို ဆောင်ရွက်ရာတွင် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု စနစ်များကို စနစ်တကျထည့်သွင်းဆောင်ရွက် ကြရန် လိုအပ်သည်။ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုကို အလေးထား ထည့်သွင်းစဉ်းစားဆောင်ရွက်ခဲ့မှု နည်းပါးခဲ့ပါက အကျိုးဆက်အဖြစ် ပတ်ဝန်းကျင်ညစ်ညမ်းမှု ပြဿနာများကို ရင်ဆိုင်ကြုံတွေ့လာ ရမည်ဖြစ်ပြီး လူသားများ၊ ဂေဟစနစ်များနှင့် ဇီဝ မျိုးစုံမျိုးကွဲများအား ထိခိုက်မှုများအပေါ် ပြန်လည် ကုစားမှုများကို ဆောင်ရွက်ကြရမည်ဖြစ်သည်။
စွန့်ပစ်ပစ္စည်းများကို ရေရှည်စနစ်တကျစီမံဆောင်ရွက်နိုင်ရေးအတွက် လက်ရှိဆောင်ရွက်နေမှု
မြန်မာနိုင်ငံအနေဖြင့် စွန့်ပစ်ပစ္စည်းများကို ရေရှည်စနစ်တကျစီမံဆောင်ရွက်နိုင်ရေးအတွက် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက မြန်မာနိုင်ငံ အမျိုးသားအဆင့် စွန့်ပစ်ပစ္စည်းစီမံ ခန့်ခွဲမှုမဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ် (၂၀၁၈-၂၀၃၀) ကို ထုတ်ပြန်ခဲ့ပြီး လက်ရှိအချိန်တွင် သက်ဆိုင်ရာဆက်စပ်ဌာနများ၊ အဖွဲ့အစည်းများ၊ တိုင်းဒေသကြီး/ ပြည်နယ်စည်ပင်သာယာရေး အဖွဲ့များနှင့် ဆက်စပ်ပတ်သက်သူများပူးပေါင်းပြီး တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် များအထိ စတင် အကောင်အထည်ဖော်ဆောင်ရွက် နေပြီဖြစ်သည်။
မဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ်၏ ရေရှည်မျှော်မှန်းချက်မှာ “မြန်မာနိုင်ငံ၏ တောက်ပသောအနာဂတ်ကို ရည်မှန်း၍ ထာဝစဉ်စိမ်းလန်း သန့်ရှင်းပြီး ကောင်းမွန်မျှတသော ပတ်ဝန်းကျင်ကို ဖော်ဆောင်သွားရန်” ဖြစ်ပြီး ရည်ရွယ်ချက်မှာ “မြန်မာနိုင်ငံတွင် ပိုမိုစိမ်းလန်းသန့်ရှင်းပြီး ကောင်းမွန်မျှတသော ပတ်ဝန်းကျင်အခြေအနေကို ရရှိနိုင်ရေးအတွက် ထုတ်လုပ်သူနှင့် စားသုံးသူ အားလုံးပူးပေါင်းပါဝင်ခြင်း၊ စွန့်ပစ်ပစ္စည်းအားလုံးကို ပြန်လည်အသုံးချနိုင်ခြင်း၊ ပတ်ဝန်းကျင်ညစ်ညမ်းမှု လုံးဝမရှိစေခြင်းနှင့် စွန့်ပစ်ပစ္စည်းအားလုံးကို ပြန်လည်အသုံးပြုသည့် ပတ်လည်စီးပွားရေးစနစ် ဖြစ်ခြင်းတို့ကို အခြေခံသော ဘက်စုံစွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု မဟာဗျူဟာကို ရေးဆွဲအကောင်အထည် ဖော်ရန်” ဖြစ်သည်။
မဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ်တွင် ပန်းတိုင်ခြောက်ခုကို ချမှတ်ထားပါသည်။ အဆိုပါ ပန်းတိုင်တစ်ခုချင်းစီနှင့် ပတ်သက်၍ ကာလတို (၂၀၁၈-၂၀၂၀)၊ ကြားကာလ (၂၀၂၁-၂၀၂၅) နှင့် ကာလရှည် (၂၀၂၆-၂၀၃၀) အလိုက် ဆောင်ရွက်မည့် အဓိကကျသော ရည်မှန်းချက်များနှင့် အဆိုပြု လုပ်ဆောင်ချက်များကို ရေးဆွဲချမှတ်ထားပါသည်။ အဆိုပါ ပန်းတိုင်ခြောက်ခုမှာ -
ပန်းတိုင်(က) ပတ်ဝန်းကျင်ကို မထိခိုက်စေသော စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုစနစ် ဖြစ်ပေါ်လာစေရေးအတွက် ပထမဆုံးခြေလှမ်းအဖြစ် ထိရောက်သည့် စွန့်ပစ်ပစ္စည်းသိမ်းဆည်းသည့် ဝန်ဆောင်မှုလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက် ခြင်း၊ စည်းကမ်းမဲ့စွန့်ပစ်ခြင်းနှင့် လေဟာပြင် မီးရှို့ခြင်းများ လျော့နည်းပပျောက်အောင် ဆောင်ရွက်ခြင်း၊
ပန်းတိုင် (ခ) ဘေးအန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းများနှင့် စက်မှုလုပ်ငန်းများမှထွက်ရှိသော စွန့်ပစ်ပစ္စည်းများအတွက် ရေရှည်တည်တံ့ပြီး ပတ်ဝန်း ကျင်ကို ထိခိုက်မှုမဖြစ်စေသော စီမံခန့်ခွဲမှု အစီ အစဉ်များအား တိုးချဲ့ဆောင်ရွက်ခြင်း၊
ပန်းတိုင် (ဂ) စွန့်ပစ်ပစ္စည်းများအား ရေရှည် စနစ်တကျ စီမံခန့်ခွဲနိုင်စေရေးအတွက်စွန့်ပစ်ပစ္စည်း ထွက်ရှိမှုကို လျှော့ချခြင်း၊ ပြန်လည်အသုံးပြုခြင်း နှင့် ပြန်လည်ပြုပြင် ထုတ်လုပ်ခြင်းများကို ကျင့်သုံးဆောင်ရွက်ခြင်း၊ ထိုမှတစ်ဆင့် စွန့်ပစ် ပစ္စည်းများကို အရင်းအမြစ်များအဖြစ် ပြန်လည် အသုံးပြုဆောင်ရွက်သည့် လူမှုအဖွဲ့အစည်းတစ်ရပ် တည်ထောင်ခြင်း၊
ပန်းတိုင် (ဃ) စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုအတွက် အစဉ်လည်ပတ်နေမည့် ရန်ပုံငွေထားရှိစေခြင်း၊
ပန်းတိုင် (င) အသိပညာပေးလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်ခြင်း၊ ထောက်ခံအားပေးစေခြင်းနှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့်
ပန်းတိုင်(စ) လိုက်နာဆောင်ရွက်ခြင်း၊ စောင့်ကြပ်ကြည့်ရှု စစ်ဆေးခြင်း၊ ဥပဒေ စည်းမျဉ်း စည်းကမ်းများနှင့်အညီ ဆောင်ရွက်စေခြင်း၊ အသိ အမှတ်ပြုခြင်းတို့ ဖြစ်ကြပါသည်။
ထို့အပြင် မြို့ပြများနှင့် ကျေးလက်ဒေသများ တွင် စွန့်ပစ်ပစ္စည်းများကို စည်းကမ်းမဲ့ တိုက်ရိုက်စွန့်ပစ်ခြင်း၊ စက်မှုလုပ်ငန်းများမှ ထွက်ရှိလာသော စွန့်ပစ်ပစ္စည်းများကို စနစ်တကျ စီမံခန့်ခွဲမှု မပြု လုပ်ဘဲ စွန့်ပစ်ခြင်း၊ စက်ရုံများမှ ထွက်ရှိလာသည့် စွန့်ပစ်ရေများကို စနစ်တကျ သန့်စင်မှုမပြုလုပ်ဘဲ ပတ်ဝန်းကျင်ရှိ ရေထု၊ မြေထုများအတွင်းသို့ တိုက်ရိုက်စွန့်ပစ်ခြင်း၊ စက်ရုံများမှ ထွက်ရှိလာသည့် ထုတ်လွှတ်အခိုးအငွေ့များကို သန့်စင်မှုမပြုလုပ်ဘဲ ပတ်ဝန်းကျင်လေထုအတွင်းသို့ တိုက်ရိုက်ထုတ် လွှတ်ခြင်း၊ ဓာတုပစ္စည်းများအား အသုံးပြုခြင်းနှင့် စွန့်ပစ်ခြင်းတို့ကို စနစ်တကျ စီမံဆောင်ရွက်မှုမရှိ ခြင်းနှင့် လူသားတို့၏ကျန်းမာရေးနှင့် သဘာဝ ပတ်ဝန်းကျင်အပေါ် အန္တရာယ်ဖြစ်စေနိုင်သော ဘေးအန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းများကို စနစ်တကျ စီမံခန့်ခွဲမှုမရှိခြင်းတို့ကြောင့် လေထု၊ ရေထုနှင့် မြေထုညစ်ညမ်းမှုများ မဖြစ်ပေါ်စေရေးအတွက် သက်ဆိုင်ရာဌာနများ၊ မြို့တော်စည်ပင်သာယာရေး ကော်မတီများနှင့် တိုင်းဒေသကြီး/ ပြည်နယ် စည်ပင်သာယာရေးအဖွဲ့များက ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း လေ့လာတွေ့ရှိရသည်။
စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံအနေဖြင့် ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများကိုလည်း မြှင့်တင်ဆောင်ရွက်ပြီး ကမ္ဘာ့နိုင်ငံများနည်းတူ ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်မှုများကို လေ့လာတွေ့ရှိနိုင်သည်။ ထိုသို့ ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံအနေဖြင့် ဘေးအန္တရာယ်ရှိ စွန့်ပစ် ပစ္စည်းများ နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင် ခြင်းနှင့် စွန့်ပစ်ခြင်းများကို ထိန်းချုပ်ခြင်းဆိုင်ရာ ဘာဆယ်ကွန်ဗင်းရှင်းနှင့် သဘာဝပတ်ဝန်းကျင်ကို ညစ်ညမ်းစေပြီး ကြာရှည်စွာ မပျောက်မပျက်တည်မြဲ နေနိုင်သည့် အော်ဂဲနစ် ဓာတုပစ္စည်းများဆိုင်ရာ စတော့ဟုမ်းကွန်ဗင်းရှင်းတို့တွင် အဖွဲ့ဝင်နိုင်ငံ အဖြစ်ပါဝင်ပြီး စွန့်ပစ်ပစ္စည်းများကို စနစ်တကျ စီမံခန့်ခွဲနိုင်ရေးအတွက် ကြိုးပမ်းအကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် အာဆီယံဒေသအတွင်း၌လည်း အာဆီယံဓာတုပစ္စည်းများနှင့် စွန့်ပစ်ပစ္စည်းဆိုင်ရာ လုပ်ငန်းအဖွဲ့ (ASEAN Working Group on Chemicalsand Waste - AWGCW) နှင့် အာဆီယံ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ရေရှည်ဖွံ့ဖြိုး သောမြို့ကြီးများ လုပ်ငန်းအဖွဲ့ (ASEAN Working Group on Environmentally Sustainable Cities- AWGESC) တို့တွင် ပူးပေါင်းပါဝင်ပြီး ဓာတုပစ္စည်း များနှင့်စွန့်ပစ်ပစ္စည်းများကို စနစ်တကျစီမံခန့်ခွဲ နိုင်ရေးနှင့် လေ၊ ရေ၊ မြေသန့်ရှင်းပြီး အစဉ်ဖွံ့ဖြိုး တိုးတက်သောမြို့ကြီးများ ဖြစ်ပေါ်လာစေရေး စသည့် လုပ်ငန်းများကို အာဆီယံနိုင်ငံများနှင့် ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုအတွက် ဆောင်ရွက်ကြရမည့်တာဝန်
စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုသည် နိုင်ငံသူနိုင်ငံသားများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပုဂ္ဂလိက အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်နိုင်မည့် လုပ်ငန်းရပ်တစ်ခုဖြစ်သည်။ လူတစ်ဦးတစ်ယောက်ချင်းမှစ၍ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်များမှတစ်ဆင့် တိုင်းဒေသကြီး၊ ပြည်နယ်၊ နိုင်ငံအဆင့်အထိ ထိရောက်ကောင်းမွန်သော စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုစနစ်များကို ကျင့်သုံး အကောင်အထည်ဖော်နိုင်မှသာ လက်ရှိကြုံတွေ့နေရသော စွန့်ပစ်ပစ္စည်းဆိုင်ရာပြဿနာများကို ဖြေရှင်း ဆောင်ရွက်နိုင်မည်ဖြစ်သည်။
ပြည်သူများက စွန့်ပစ်ပစ္စည်းများကို စနစ်တကျ စွန့်ပစ်ရန် တာဝန်ယူဆောင်ရွက်ပြီး စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုနှင့် သက်ဆိုင်သော လုပ်ငန်းကိစ္စရပ်များကို သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့် စည်ပင်သာယာရေး ကော်မတီများက အပြည့်အဝ တာဝန်ယူဆောင်ရွက်နိုင်မည်ဆိုပါက ပြည့်စုံကောင်းမွန်သော စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုစနစ်များရှိသည့် မြို့ပြကျေးလက်လူနေမှုပုံစံများနှင့် သန့်ရှင်းသည့် ပတ်ဝန်းကျင်အခြေအနေများကို ဖန်တီး ဖော်ဆောင်သွားနိုင်မည် ဖြစ်သည်။
စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုအတွက် အကြံပြုချက်များ
လုပ်ငန်းကဏ္ဍအသီးသီးမှ ထွက်ရှိလာသော ဘေးအန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းများအပါအဝင် စွန့်ပစ်ပစ္စည်းအမျိုးမျိုးကို ရရှိနိုင်သည့် နည်းပညာ၊ အရင်းအမြစ်များအပေါ် အခြေခံပြီး ပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံးဖြစ်စေသည့် နည်းလမ်း ကောင်းများ၊ အလေ့အကျင့်ကောင်းများကို အသုံးပြု၍ စွန့်ပစ်ပစ္စည်း စီမံဆောင်ရွက်ခြင်း လုပ်ငန်းများ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ဆက်စပ်အစိုးရဌာနများ အပါအဝင် ပုဂ္ဂလိကများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် လူမှု အဖွဲ့အစည်းများ ပူးပေါင်းပြီး စနစ်တကျအကောင် အထည်ဖော်ဆောင်ရွက်ရန် လိုအပ်ပါသည်။ ထိုသို့ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အနာဂတ်ကာလ၌ ကြုံတွေ့လာနိုင်ဖွယ်ရှိသော စွန့်ပစ်ပစ္စည်းနှင့်ပတ်သက်သည့် ပြဿနာများနှင့် စိန်ခေါ်မှုများကိုပါ ထည့်သွင်းစဉ်းစားပြီး ကြိုတင်ပြင်ဆင် ဆောင်ရွက်နိုင်မည်ဆိုပါက ရလဒ်ကောင်းများ ရရှိလာနိုင်မည်ဖြစ်ပါသည်။
စွန့်ပစ်ပစ္စည်းများကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုများနှင့် လူသားတို့၏ ကျန်းမာရေး အပေါ်ထိခိုက်မှုများ မဖြစ်ပေါ်စေရေးအတွက် စွန့်ပစ်ပစ္စည်းများအား စနစ်တကျစီမံခန့်ခွဲခြင်း လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ထည့်သွင်းပေါင်းစပ်ဆောင်ရွက် ရန် အကြံပြုလိုသည့်နည်းလမ်းများမှာ-
စွန့်ပစ်ပစ္စည်း ထွက်ရှိမှုပမာဏကို အနည်းဆုံး ဖြစ်အောင် လျှော့ချခြင်း၊ ပြန်လည်အသုံးပြုနိုင် သေးသောပစ္စည်းများကို အကြိမ်ကြိမ် ပြန်လည် အသုံးပြုခြင်း၊
ထုတ်ကုန်ပစ္စည်းအသစ်များ ထုတ်လုပ်ရာတွင် စွန့်ပစ်ပစ္စည်းများကို ကုန်ကြမ်းများအဖြစ် ထည့်သွင်းအသုံးပြုခြင်း၊
စွန့်ပစ်ပစ္စည်းများကို မြေသြဇာ၊ စွမ်းအင်၊ ဇီဝ လောင်စာနှင့် ကုန်ကြမ်းပစ္စည်းများအဖြစ် ပြန်လည်ထုတ်လုပ်ခြင်း၊
စွန့်ပစ်ပစ္စည်းများအား ခွဲခြားစွန့်ပစ်သည့် နည်းလမ်းများကို ကျင့်သုံးဆောင်ရွက်ခြင်း၊
စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု လုပ်ငန်းများအတွက် ထိုက်သင့်သောဝန်ဆောင်ခများကောက်ခံ၍ စီမံခန့်ခွဲခြင်း၊
စွန့်ပစ်ပစ္စည်းထွက်ရှိမှုပမာဏ၊ စွန့်ပစ်မှုပမာဏ၊ ထွက်ရှိသည့် စွန့်ပစ်ပစ္စည်း အမျိုးအစားများကို စစ်တမ်းကောက်ယူ၍ ကိန်းဂဏန်းအချက် အလက်များ ထိန်းသိမ်းသည့်စနစ်များ တည်ထောင်ခြင်း၊
စွန့်ပစ်ပစ္စည်း စွန့်ပစ်ခြင်းဆိုင်ရာ အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရေးအတွက် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုဆိုင်ရာ အသိပညာပေးမှုများ ဆောင်ရွက်ခြင်း၊ ပြန်လည်အသုံးပြု၍ မရနိုင်သော စွန့်ပစ်ပစ္စည်းများနှင့် ဘေးအန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းများကို ပတ်ဝန်းကျင်ထိခိုက်မှုမရှိစေသော ခိုင်လုံသည့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု စနစ်များဖြင့် စနစ်တကျ ဖျက်ဆီးစွန့်ပစ်ခြင်း၊
ပြည်တွင်းရှိ လုပ်ငန်းကဏ္ဍအသီးသီးမှ ထွက်ရှိလာသော စွန့်ပစ်ပစ္စည်းများအား ပြန်လည်ပြုပြင် ထုတ်လုပ်သည့် လုပ်ငန်းများကို အားပေး ဆောင်ရွက်ခြင်း၊
စွန့်ပစ်ပစ္စည်းများကို လျှော့ချခြင်း (Reduce)၊ ပြန်လည်အသုံးပြုခြင်း (Reuse)၊ ပြန်လည်ပြုပြင် ထုတ်လုပ်ခြင်း (Recycle) ဆိုင်ရာလုပ်ငန်းများ ဖွံ့ဖြိုးလာစေရေးအတွက် စွန့်ပစ်ပစ္စည်းစွန့်ထုတ်သူများ၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်းများ ပူးပေါင်း ဆောင်ရွက်ခြင်း၊
လက်ရှိကျင့်သုံးဆောင်ရွက်နေသော စွန့်ပစ်ပစ္စည်းများကို စီမံခန့်ခွဲသည့်စနစ်များ၊ နည်းလမ်းများတွင် ကြုံတွေ့နေရသည့် အခက်အခဲများနှင့် နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက်များကို ပြန်လည်သုံးသပ်ခြင်း၊
စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုနှင့် ပတ်သက်သည့် ဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းများကို လေ့လာဖော်ထုတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊
စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုဆိုင်ရာ သုတေသန လုပ်ငန်းများ ဆောင်ရွက်ခြင်း၊
စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုနှင့် ပတ်သက်သည့် တည်ဆဲဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့် စည်းမျဉ်းစည်းကမ်းများကို ပြန်လည် လေ့လာဆန်းစစ်ပြီး လက်ရှိအခြေအနေများ၊ နည်းပညာတိုးတက်မှုများနှင့်အညီ ဖြည့်စွက် ပြင်ဆင်ပြဋ္ဌာန်းခြင်း၊
စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု လုပ်ငန်းများကို ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးနှင့် စွန့်ပစ်ပစ္စည်းများကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုများကို ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ထုတ်ပြန်ထားသည့် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်မှုများအား စောင့်ကြပ် ကြည့်ရှု စစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခြင်း။
လူသားတိုင်းတွင် အဓိကတာဝန်ရှိ
ကမ္ဘာမြေကြီး ရေရှည်တည်တံ့စေရေးအတွက် စိမ်းလန်းသန့်ရှင်းပြီး ကောင်းမွန်မျှတသော ပတ်ဝန်းကျင် အခြေအနေကို ထိန်းသိမ်း စောင့်ရှောက်ရေးသည် ကျွန်ုပ်တို့ လူသားတိုင်းတွင် အဓိကတာဝန်ရှိနေပါသည်။ ထို့အပြင် ကျွန်ုပ်တို့ လက်ရှိမျိုးဆက်များအနေဖြင့် ကောင်းမွန်သည့် သဘာဝပတ်ဝန်းကျင်ကို အမွေအနှစ်အဖြစ် အနာဂတ်မျိုးဆက်များထံ လက်ဆင့်ကမ်းပေးနိုင်ရန် လိုအပ်လှပါသည်။
အကျိုးရှိထိရောက်သည့် စွန့်ပစ်ပစ္စည်းစီမံ ခန့်ခွဲမှုစနစ်များကို အကောင်အထည်ဖော် ဆောင်ရွက်မှုများမှတစ်ဆင့် သဘာဝသယံဇာတများ ကို စဉ်ဆက်မပြတ် ထုတ်ယူအသုံးပြုနိုင်ရေး၊ သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ရေး၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုများနှင့် လူသားတို့၏ ကျန်းမာရေးအပေါ်ထိခိုက်မှုများကို ဖြေရှင်း ဆောင်ရွက်နိုင်ရေးနှင့် ပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံးဖြစ်စေနိုင်သော လုပ်ငန်းများဖွံ့ဖြိုးလာ စေရေးတို့ကို မျှော်မှန်းပြီး ကျွန်ုပ်တို့အားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်သွားနိုင်ရန် အလေး အနက်ရည်မှန်း၍ “တို့ကမ္ဘာမြေ သန့်ရှင်းသာယာဖို့ စွန့်ပစ်ပစ္စည်းများကို စနစ်တကျစွန့်ပစ်ကြပါစို့” ဟု တိုက်တွန်းနှိုးဆော်ရင်း “ တစ်ခုတည်းသော ကမ္ဘာမြေ (Only One Earth)” ဆိုသည့် ဆောင်ပုဒ် နှင့်အတူ ၂၀၂၂ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်း ရေးနေ့အား ဂုဏ်ပြုကြိုဆိုအပ်ပါသည်။ ။