လွိုင်လင်   ဖေဖော်ဝါရီ   ၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်၊ ဟိုခိုက်ကျေးရွာ Church ကျောင်းတွင် ရောက်ရှိနေသည့် တိုက်ပွဲရှောင်ပြည်သူများအား လွိုင်လင်တပ်နယ်နှင့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များက ဆန် ၅ အိတ်၊ ဆီ ပိဿာ ၂၀၊ ခေါက်ဆွဲခြောက် ၄ ဖာနှင့် ကလေးငယ်များအတွက် အာဟာရမုန့်များကို ဖေဖော်ဝါရီ ၁ ရက်က အဆိုပါ Church ကျောင်းသို့ သွားရောက်၍ ထောက်ပံ့ခဲ့သည်။

ထိုသို့ ပေးအပ်ရာတွင် လွိုင်လင်တပ်နယ်မှ တပ်နယ်မှူး ဗိုလ်မှူးကြီးသန်းထွန်းအောင်၊ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဥက္ကဌ ဦးသိန်းထွဋ်နှင့် အဖွဲ့ဝင်များက  ပေးအပ်ရာ Church ကျောင်းတာဝန်ခံ ဘုန်းတော်ကြီးက လက်ခံရယူသည်။ ဟိုခိုက်ကျေးရွာတွင် ကယားပြည်နယ်မှ တိုက်ပွဲရှောင်ပြည်သူ (လူကြီး၊ ကလေး) စုစုပေါင်း ၂၃ ဦး ရှိကြောင်း သိရသည်။ 

အလားတူ လွိုင်လင်မြို့ရှိ  INFANT JESUS  CHURCH ကျောင်းတွင် ရောက်ရှိနေသည့် ကယားပြည်နယ်မှ  တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု ၁၆ စု၊ လူဦးရေ ၉၃ ဦးတို့အား ဖေဖော်ဝါရီ ၁ ရက်က အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူးနှင့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများက ဆန်၊ ဆီ၊ ကြက်ဥနှင့် စားဖိုဆောင်သီးနှံများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

လွိုင်လင်မိုး