နေပြည်တော် ၂၁ ဖေဖော်ဝါရီ
နိုင်ငံတော်အစိုးရသည် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ပင်စင်လစာမှစတင်၍ တိုးမြှင့်ခံစားခွင့်ပြုခဲ့ပြီးဖြစ်ရာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန ပင်စင်ဦးစီးဌာနအနေဖြင့် ပင်စင်စား တစ်ဦးချင်းစီအတွက် တိုးမြှင့်ပင်စင်ငွေပေးအမိန့် များ စိစစ်တွက်ချက်ထုတ်ပြန်၍ မြန်မာ့စီးပွားရေးဘဏ်ခွဲ အသီးသီးသို့ နေ့စဉ်ပေးပို့လျက်ရှိပြီး အငြိမ်းစားဝန်ထမ်းများ၏ တိုးမြှင့်ပင်စင်လစာများ ဆောလျင်စွာ ခံစားရရှိနိုင်စေရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။
ဖေဖော်ဝါရီလ ၁၅ ရက်အထိ မြို့ပြပင်စင်စား ၁၉၇၀၈၂ ဦးနှင့် နိုင်ငံရေးပင်စင်စား ၄၄၄၁၅ ဦး စုစုပေါင်းပင်စင်စား ၂၄၁၄၉၇ ဦး၏ ငွေပေးမိန့်များအား ထုတ်ပြန်၍ သက်ဆိုင်ရာ မြန်မာ့ စီးပွားရေးဘဏ်ခွဲ အသီးသီးသို့ပေးပို့ခဲ့ပြီးဖြစ်သည်။
မိဘပြည်သူပင်စင်စားများအနေဖြင့် ဖေဖော်ဝါရီလ ၁၅ ရက်အထိ မြို့ပြပင်စင်စား ၅၄၄၉၂ ဦးနှင့် နိုင်ငံရေးပင်စင်စား ၄၉၇၁ ဦး စုစုပေါင်းပင်စင်စား ၅၉၄၆၃ ဦးသာ ပင်စင်လစာ များထုတ်ယူခဲ့ပြီး ထုတ်ယူရန်ကျန်ရှိနေသည့် ပင်စင်စား ၁၈၂၀၃၄ ဦးဖြစ်သည်။
သို့ဖြစ်ပါ၍ မိဘပြည်သူပင်စင်စားများအနေဖြင့် မိမိတို့၏ တို့မြှင့်ပင်စင်လစာများအား သက်ဆိုင်ရာ မြန်မာစီးပွားရေးဘဏ်ခွဲ အသီးသီးတွင် သွားရောက်ထုတ်ယူကြပါရန်နှင့် မိဘ ပြည်သူ ပင်စင်စားများအနေဖြင့် ပင်စင်လစာထုတ်ယူရာတွင် အဆင်မပြေမှုများ၊ အကြောင်း အမျိုးမျိုးကြောင့် ပင်စင်လစာထုတ်ယူရန် အခက်အခဲများဖြစ်ပေါ်နေပါက နေပြည်တော် ပင်စင်ဦးစီးဌာန(ရုံးချုပ်)၏ Hot Line - တယ်လီဖုန်းအမှတ် ဝ၆၇ - ၃၄၁၀၃၇၃၊ မိုဘိုင်းလ်ဖုန်းအမှတ် ဝ၉ - ၄၄၂၁၄၅၉၁၃ သို့ စုံစမ်းဆက်သွယ် မေးမြန်းနိုင်ပါကြောင်း ပင်စင် ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
(သတင်းစဉ်)


