ညောင်ဦး ဇူလိုင် ၁၃
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ၊ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေကျပ် ၂၁ ဒသမ ၂၆ သန်းဖြင့် ဒဟက်ကန်ကျေးရွာ၌ မြေသားမိုးရေလှောင်ကန် ကျိုးပေါက်မှု ပြန်လည်ပြုပြင်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ဒဟက်ကန်ကျေးရွာ၌ အိမ်ခြေ ၁၁၀၊ လူဦးရေ ၅၇၀ ရှိပြီး ဒေသခံပြည်သူများ သောက်သုံးရေအတွက် မှီခိုအားထားရသည့် မြေသားမိုးရေလှောင်ကန်မှာ ဇူလိုင် ၆ ရက်က ရွာသွင်းခဲ့သည့်မိုးဖြင့် ကန်အတွင်း မိုးရေအဝင်များပြီး ကျိုးပေါက်မှုဖြစ်ပွားခဲ့ကြောင်း၊ ဒေသခံပြည်သူများ သောက်သုံးရေဖူလုံစေရေး ပြန်လည်ပြုပြင်ပေးရန် အကူအညီများ လိုအပ်နေကြောင်း သိရသည့်အတွက် အဆိုပါမြေသား မိုးရေလှောင်ကန်ကို ပြန်လည်ပြုပြင်ပေးသွားမည် ဖြစ်ကြောင်း ညောင်ဦးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအေးလွင်က ပြောပြသည်။
ထိုကဲ့သို့ပြုပြင်ရာတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ၊ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေကျပ် ၂၁ ဒသမ ၂၆ သန်းဖြင့် ဒဟက်ကန်ကျေးရွာ၌ အလျားပေ ၂၀၀၊ အနံပေ ၁၀၀ နှင့် အနက်ခြောက်ပေရှိ မြေသားမိုးရေလှောင်ကန်ကို ပြန်လည်ပြုပြင်တူးဖော်ပေးသွားမည်ဖြစ်ပြီး လုပ်ငန်းအချိန်မီပြီးစီးရေး၊ သတ်မှတ်အတိုင်းအတာ ပြည့်မီရေးတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးနန်းတင့်နှင့် မြို့နယ်တည်ဆောက်ရေးနှင့် စိစစ်ရေးကော်မတီတို့က ကွင်းဆင်းကြည့်ရှု စစ်ဆေးမည်ဖြစ်သည်။ အဆိုပါမြေသား မိုးရေလှောင်ကန် ပြန်လည်ပြုပြင်တူးဖော်ပြီးပါက ဒဟက်ကန်ကျေးရွာအပါအဝင် ကျေးရွာခြောက်ရွာမှ ပြည်သူများအတွက် မိုးရေပြန်လည်သိုလှောင် စုဆောင်းနိုင်မည်ဖြစ်သည့်အပြင် နွေ၊ မိုး၊ ဆောင် သုံးရာသီ သောက်သုံးရေ ရယူသုံးစွဲနိုင်တော့မည် ဖြစ်ကြောင်း သိရသည်။
ဖြိုးကျော် (ပုံတောင်မြေ)



