နေပြည်တော် နိုဝင်ဘာ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ နေပြည်တော်ကောင်စီနယ်မြေတို့ရှိ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီခွဲတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ က တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်တို့တွင် ရာထူးအဆင့်ဆင့်ဖြင့် တာဝန်ထမ်းဆောင်ကြရာ၌ နိုင်ငံတော်ဝန်ကြီးချုပ် မှာကြားသည့်အတိုင်း မိမိတို့အဆင့်အတန်းနှင့်လျော်ညီစွာ လုပ်ငန်းတာဝန်ကျေပွန်အောင် ကြိုစားဆောင်ရွက်ကြစေလိုပါကြောင်း၊ မူလတန်းပြ၊ အလယ်တန်းပြ၊ အထက်တန်းပြ သင်ကြားရေး ဆရာဆရာမအသစ်များ မွမ်းမံသင်တန်းတက် ရောက်ပြီးပါက မကြာခင်လုပ်ငန်းခွင်သို့ ဝင်ရောက်လာမည်ဖြစ်ပါကြောင်း၊ ပညာရေးမှူးများအနေဖြင့် ရောက်ရှိလာသည့် ဆရာ၊ ဆရာမများအား အရေအတွက်သာမက အရည်အချင်းပြည့်ဝသည့် ဆရာဆရာမ များဖြစ်စေရန် လက်တွဲခေါ်ယူ၍ အရည်အသွေးမြှင့်တင်ပေးကြရမည်ဖြစ်ပါ ကြောင်း၊ ဆရာဆရာမများကိုယ်တိုင် ပညာအရည်အသွေးပြည့်ဝမှသာ အရည်အသွေးပြည့်ဝသော အနာဂတ်သားကောင်းရတနာများကို ပြုစုပျိုးထောင် မွေးထုတ်ပေးနိုင်မည်ဖြစ်ပါကြောင်း။
ပညာရေးမှူးများအနေဖြင့် မိမိတာဝန်ထမ်းဆောင်ရသော မြို့နယ်၊ ဒေသအတွင်းရှိ ကျောင်းများသို့ရောက်အောင် ကိုယ်တိုင်သွားရောက်၍ ပညာရေးဖွံ့ဖြိုးတိုးတက်ရေး ကြီးကြပ်ဆောင်ရွက်စေလိုပါကြောင်း၊ ပညာရေးဖွံ့ဖြိုး တိုးတက်ရေး မြှင့်တင်ဆောင်ရွက်ရာတွင် အမှန်တကယ်လိုအပ်ချက်များကို တင်ပြတောင်းခံပါက အမြန်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ မိမိတို့ တာဝန်ယူထားသည့် ဒေသများတွင် ပညာရေး လိုအပ်ချက်များ သိအောင်လုပ်၍ တင်ပြပြီး ဖြည့်ဆည်းဆောင်ရွက်ပေးကြစေလိုပါကြောင်း၊ အလုပ်တာဝန် ခွဲဝေမှုဖြင့် တိုးတက်အောင်ဆောင်ရွက်ကြစေလိုပါကြောင်း၊ လူတိုင်းတွင် အရည်အချင်းကိုယ်စီရှိကြပါကြောင်း၊ ပညာရေးကောင်းအောင် လက်တွဲဆောင်ရွက်ကြရာတွင် လုပ်ဖော်ကိုင်ဖက်များအပေါ် ခွဲခြားဆက်ဆံခြင်းမပြုဘဲ ကိုယ်ချင်းစာစိတ်ဖြင့် အဆင့်ဆင့် အုပ်ချုပ်ဆောင်ရွက်ကြ စေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးများဖြစ်ကြသော ဒေါက်တာဇော်မြင့်၊ ဦးဇော်ဝင်းနှင့် အမြဲတမ်းအတွင်းဝန် ဒေါက်တာ စိုးဝင်းတို့က ဖြည့်စွက်အမှာစကားပြောကြားကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာသည့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ပညာရေးမှူး ဆရာဆရာမများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
ထို့နောက် အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်က လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဆွေးနွေးဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများက သက်ဆိုင်ရာ မြို့နယ်အလိုက် ဆောင်ရွက်နေ သည့်ပညာရေးလုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြကြပြီး ဒုတိယဝန်ကြီး ဦးဇော်ဝင်းက ပြန်လည်ညှိနှိုင်း ဆွေးနွေးကာ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


