ရန်ကုန် ၇ ဖေဖော်ဝါရီ
လစ်လပ်နေသည့် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးနေရာတွင် အစားထိုး ခန့်အပ်ခဲ့သည့် ဒေါ်စိုးခက်ခက်သည် ယနေ့ နံနက် ၁၀ နာရီတွင် ကျင်းပသော ဒုတိယအကြိမ် တိုင်းဒေသကြီးလွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေး တတိယနေ့၌ ကတိသစ္စာပြု လက်မှတ်ရေးထိုးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရ (Yangon Region Government) မှ သိရသည်။
ထိုသို့ ကတိသစ္စာပြုခြင်းနှင့် လက်မှတ်ရေးထိုးခြင်းကို ၂၀၁၃ခုနှစ်၊ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေ ပုဒ်မ(၅၅)နှင့်အညီ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီး ဒေါ်စိုးခက်ခက်က တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း ရှေ့မှောက်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီး ဒေါ်စိုးခက်ခက်မှာ တရားရေးဝန်ထမ်းအဖြစ် (၄)ကြိမ်၊ တွဲဖက်မြို့နယ်တရားသူကြီးအဖြစ် (၂) ကြိမ်၊ မြို့နယ်တရားသူကြီးအဖြစ် (၂) ကြိမ်၊ ဒုတိယခရိုင်တရားသူကြီးအဖြစ် (၂) ကြိမ်၊ ခရိုင်တရားသူကြီးအဖြစ် (၃) ကြိမ်၊ တွဲဖက်ခရိုင်တရားသူကြီး အဖြစ် (၁) ကြိမ်၊ ပြည်နယ်တရားရေးဦးစီးမှူးအဖြစ် (၂) ကြိမ်၊ တိုင်းဒေသကြီး တရားရေး ဦးစီးမှူးအဖြစ် (၂) ကြိမ်၊ ဒုတိယညွှန်ကြားရေးမှူးအဖြစ် (၁) ကြိမ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
MDN
