ပဲခူး စက်တင်ဘာ ၂၃ 

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ စက်တင်ဘာလ (၂၃)ရက် နံနက်ပိုင်းက ပဲခူးမြို့တွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား သွားရောက် ကြည့်ရှု စစ်ဆေးခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ ဥဿာမြို့သစ်၊ ရပ်ကွက်ကြီး(၈) အတွင်းရှိ ဥဿာမြို့သစ် ခရိုင်အားကစားကွင်း အဆင့်မြှင့်တင် တည်ဆောက်နေမှုအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ရာ ခေတ်စနစ်နှင့်ကိုက်ညီသော အဆောက်အဦပုံစံဒီဇိုင်းများဖြင့် တည်ဆောက်သွား ရန်နှင့် သတ်မှတ်ချိန်အတွင်း အချိန်မီပြီးစီးနိုင်ရေး အနီးကပ်ကြီးကြပ်ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ 

၎င်းနောက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ပဲခူးတိုင်းဒေသကြီး အဆင့်မြင့်အားကစားကွင်း တည်ဆောက်မည့် မြေဧရိယာ(၂၈.၇၉)ဧကအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး ဝင်/ထွက်လမ်းများ ကောင်းမွန်မှုရှိစေရေး စနစ်တကျ ဖောက်လုပ်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ ဥဿာမြို့သစ်၊ ရပ်ကွက်ကြီး(၈) အတွင်းရှိ မြို့ပြနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန ပိုင် ပြည်သူ့အငှားအိမ်ရာဝန်းအတွင်း ဆောက်လုပ်လျက် ရှိသည့် (၄)ခန်းတွဲ (၄)ထပ် အဆောက်အဦ ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး၊ အိမ်ရာဝန်းအတွင်း သန့်ရှင်းသပ်ရပ်စေရေးနှင့် အရိပ်ရအလှ ပန်းပင်များ စိုက်ပျိုးသွားရန် တာဝန်ရှိသူများအား မှာကြားခဲ့ပြီးနောက် ပဲခူးမြို့ စက်မှုဇုန်အတွင်းရှိ လမ်းများအား မော်တော်ယာဉ်ဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ မြို့တော်ခန်းမ၌ အသက်(၅၅) နှစ်နှင့်အထက် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနေမှုနှင့် သီရိဟံသာခန်းမ၌ အသက်(၆၆)နှစ်နှင့်အထက် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနေမှုတို့အား သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။

တင်စိုး(ပဲခူး)