နေပြည်တော်  အောက်တိုဘာ ၂၁

 

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့  တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် အတူ ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေးလုပ်ငန်းများ အဆင့်မြှင့်တင်နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

 

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လက်ပံတန်းမြို့နယ်၊ မင်းလမ်းကျေးရွာရှိ တစ်ဧက တင်း(၁၀၀) ထွက်ရှိရေး စနစ်တကျ စံပြကွက် ဧက (၁၀၀) ဆင်းသုခမိုးစပါး စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှု၊ စပါးခွံသုံး စပါးအခြောက်ခံစက်ဖြင့် စပါးအခြောက်ခံနေမှုကို ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် သာယာဝတီမြို့နယ် အင်းရွာစိုက်ပျိုးရေး သုတေသနစခန်းသို့ ရောက်ရှိခဲ့ပြီး ဟင်းသီးဟင်းရွက်နှင့် မြန်မာ့တိုင်းရင်းဆေး ဆေးခါးကြီးပင်ပျိုးထောင်ထားရှိမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေသခံပြည်သူများ ဒေသမျိုးရင်း ဟင်းသီးဟင်းရွက်များ organic farm အဖြစ် စိုက်ပျိုးထုတ်လုပ်နိုင်ရေး အသိပညာပေး စည်းရုံး ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားသည်။

 

ယင်းနောက် သာယာဝတီမြို့နယ် သုံးဆယ်မြို့ စိုက်ပျိုးရေးသိပ္ပံသို့သွားရောက်ခဲ့ ပြီး နိုဝင်ဘာ(၁၅) ရက်တွင် ကျောင်းဖွင့်လှစ်မည်ဖြစ်၍ ကျောင်းတက်ရန် လာရောက်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးရန်၊ ပြင်ပစိုက်ပျိုးရေး/ မွေးမြူရေးလုပ်ငန်း အောင်မြင်နေသည့်နေရာများသို့ လေ့လာရေးဆောင်ရွက်ပေးခြင်း၊ ခေတ်စနစ်နှင့်ကိုက်ညီသည့် စိုက်ပျိုးမွေးမြူရေးနည်းစနစ်များ ဖြန့်ဖြူးသင်ကြားပေးရန်နှင့် ကျောင်းဝန်း သန့်ရှင်းရေးဆောင်ရွက်ရန် တာဝန်ရှိသူများကို မှာကြားခဲ့ပြီး သင်ကြားရေးဆိုင်ရာ ဘာရပ်သင်ခန်းစာ စာအုပ်များကို ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

 

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သာယာဝတီမြို့နယ် အလယ်ကုန်း(သုံးဆယ်)-ဖိုးခေါင်- စံရွေးလမ်း (၆)မိုင် (၆)ဖာလုံ ကတ္တရာလမ်းအဖြစ် ပြန်လည်အဆင့်မြှင့်တင်ပေးနေမှုကို သွားရောက်ကြည့်ရှု ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)