သာယာဝတီ နိုဝင်ဘာ ၁
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန် ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက သာယာဝတီခရိုင်နှင့် နတ်တလင်းခရိုင်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ သွားရောက်ကွင်းဆင်းကြည့်ရှုသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သာယာဝတီမြို့နယ်၊ ကျွန်းကုန်းကျေးရွာအုပ်စုရှိ ဆင်းသုခမျိုးစေ့ထုတ်စံပြစိုက်ခင်း မိုးစပါးရိတ်သိမ်းနေမှုကို ကြည့်ရှုအားပေးခဲ့သည်။ ယင်းနောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဆောင် ရွက်ပေးသွားမည့် သုံးဆယ် ဆည်ရေသောက်၊ လက်တံမြောင်းမကြီး၊ ရေပေးမြောင်း လက်တံ(၁)နှင့် ဦးသန်းရေတံခါး ရေသွယ်မြောင်း သဲနှုန်းတူးဖော်ခြင်း လုပ်ငန်း ဆောင်ရွက် မည့်နေရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တစ်နှစ်(၃)သီး စိုက်ပျိုးနိုင်ရေး ဆောင်ရွက်မည်ဖြစ်၍ ဒေသခံတောင်သူများအတွက် အကျိုးရှိသော လုပ်ငန်းဖြစ်ပြီး သတ်မှတ်စံချိန် စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေးဆောင်ရွက်သွားရန် မှာကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မင်းလှမြို့နယ်၊ ကညင်ပင်ကျေးရွာ မြောက်ဘက် ကုန်ထုတ်လမ်း အရှည် ပေ (၃၈၅၀) တည်ဆောက်နေမှု လုပ်ငန်းခွင့်သို့ ရောက်ရှိခဲ့ပြီး လမ်းဘေးရေမြောင်းနှင့် လမ်းသားများ အမာခံရရှိရေး ဆောင်ရွက် သွားရန် တာဝန်ရှိသူများကို မှာကြားသည်။ ယင်းနောက် မိုးညိုမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများမှ စုပေါင်း၍ ဒေသကြက် ကောင်ရေ(၁၀၀၀) မွေးမြူ ထားရှိမှု ကြည့်ရှုစစ်ဆေးခဲ့ပြီး မျိုးကောင်းမျိုးသန့်ရရှိရေးနှင့် တိရစ္ဆာန်ရောဂါ ကူးစက်မှုမရှိစေရေး မှာကြားသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မိုးညိုမြို့နယ်၊ ရေကင်းတိုက် နယ်ဆေးရုံသို့သွားရောက်၍ ဆေးရုံတက်လူနာများကို ရင်းရင်းနှီးနှီး အားပေးစကား ပြောကြားခဲ့ပြီး လူနာများကို အဟာရဖြည့်စွက်စာများပေးအပ်ခဲ့ကာ ကျန်းမာရေး ဝန်ထမ်းများအတွက် သီးခြားထောက်ပံ့ငွေများ ပေးအပ်သည်။
ထို့နောက် ရေကင်းတိုက် နယ်ဆေးရုံအသစ်အတွက် ထရန်စဖော်မာနှင့် ဆေးရုံ အဝင်လမ်း ကွန်ကရစ်ခင်းနိုင်ရေး တာဝန်ရှိသူများကို မှာကြားသည်။ ၎င်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော လက်ပံတန်း-မိုးညို- နတ်တလင်းလမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်နေမှုကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး အောက်ခံမြေအမာခံရရှိရေးနှင့် ကျန်ရှိသည့် လမ်းပိုင်းများကို ဘဏ္ဍာနှစ်အလိုက် ထည့်သွင်းတွက်လျက်တင်ပြရန် မှာကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နတ်တလင်းမြို့နယ်၊ နွယ်ဂွေကျေးရွာရှိ ဥစားဘဲကောင်ရေ(၂၀၀၀) အောင်မြင်စွာမွေးမြူထားရှိမှုကို ကြည့်ရှု အားပေးခဲ့ပြီး ထွက်ရှိလာသည့် ဘဲဥများကို တန်ဖိုးမြှင့်စားသုံးကုန်အဖြစ် ထုတ်လုပ် တင်ပို့ နိုင်ရေးတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်