ကျွန်းစု ၂၉ နိုဝင်ဘာ
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်မောင်သည် တိုင်းဒေသကြီး ဝန်ကြီးများ၊ လွှတ်တော်ကိုယ် စားလှယ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကျွန်းစုမြို့နယ်ရှိ ကျေးရွာများဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုဝင် ဘာလ(၂၇)ရက်နှင့်(၂၈)ရက်တွင် ကျေးရွာများသို့ ကွင်းဆင်း၍ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံခဲ့သည်။
ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်ဘုကျေးရွာတွင် စစ်ဘုကျေးရွာ၊ သဘောင်းတောင်ကျေးရွာ၊ ဆင်ကူး ကျေးရွာ ဒေသခံပြည်သူများ၊ မဲတောကျေးရွာတွင် မဲတောကျေးရွာ၊ အုတ်ဖိုမော်ကျေးရွာ၊ ချောင်းညီကိုကျေးရွာ ၊ စမ်းတားငယ်ကျေးရွာ ဒေသခံပြည်သူများ၊ ကံမော်ကျေးရွာတွင် ကံမော်ကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာများမှ ဒေသခံများနှင့် ပန်းဇင်ကျေးရွာတွင် တောပြားကျေးရွာအုပ်စုရှိ ကျေးရွာများမှ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာ များအလိုက် လိုအပ်ချက်များနှင့် အခက်အခဲများကိုဆွေးနွေး ခဲ့ကြသည်။
တွေ့ဆုံရာတွင် ဝန်ကြီးချုပ် ဦးမြင့်မောင် က အမှာစကားပြောကြားပြီး ဝန်ကြီးများက ကဏ္ဍအလိုက် ဆွေးနွေး ပြောကြားကြကာ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တိုင်းဒေသကြီးအတွင်းရှိ ကျေးလက်နေ ပြည်သူများ တစ်ရွာနှင့်တစ်ရွာ သွားလာဆက်သွယ်မှုလွယ်ကူ အဆင်ပြေစေရန်အတွက် “ ရွာချင်းဆက်လမ်းများကို တစ်ရွာနှင့်တစ်ရွာ သွားလာဆက်သွယ်မှု လွယ်ကူမှသာလျှင် ဒေသ၏ အကျိုးရလဒ် အနေနဲ့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး စသည်တို့ အဆင်ပြေနိုင်မည်ဖြစ်တဲ့အတွက် ကျေးလက်လမ်းများဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးပြီး တိုင်းဒေသကြီး ရန်ပုံငွေ စုစုပေါင်း၏ (၂၈)ရာခိုင်နှုန်းကို ကျေးလက်လမ်းများ၊ ရွာချင်းဆက်လမ်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တစ်တိုင်းလုံးရဲ့ အနေထားအရ ရွာချင်းဆက်လမ်းတွေ တစ်ရွာနှင့်တစ်ရွာ သွားလို့မရတဲ့နေရာဆို အခုသွားလို့ရပြီ ဖြစ်ကြောင်း ဒေသခံပြည်သူများနှင့် တွေ့ဆုံစဉ် ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
ကျွန်းစုမြို့နယ်၌ ကျေးလက်လမ်းနှင့် ရွာချင်းဆက်လမ်း/တံတားများကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေ ကျပ်(၂၇၂၉.၅)သန်းဖြင့် လမ်းတံတားလုပ်ငန်း(၁၆)ခုကို ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လည်းကောင်း၊ တိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေကျပ် (၁၃၀၃) သန်းဖြင့် လမ်းလုပ် ငန်း(၆)ခုကို ကုမ္ပဏီ(တင်ဒါများ)ဖြင့်လည်းကောင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြိတ်ခရိုင် ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ ဒေသခံပြည်သူများတွေ့ဆုံရာတွင် ဒေသခံများက ကျေးရွာများအလိုက် လိုအပ်ချက်များ၊ အခက်အခဲများဖြစ်သော ရေဆင်းတံတား၊ ကျေးရွာချင်းဆက်လမ်း/တံတား၊ စာသင်ကျောင်း ပြင်ဆင်ရန် လိုအပ်ချက်များနှင့် ခြံစည်းရိုး၊ လျှပ်စစ်မီး၊ သောက်ရေသုံးရေ၊ ဆရာမ လိုအပ်ချက်၊ ဝန်ထမ်းအိမ်ယာ လိုအပ်ချက်များ၊ မူးယစ်ဆေးဝါးတားဆီး ကာကွယ်ရေး၊ မီးသတ် ရေစုပ်စက်၊ အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားပြုလုပ်ပေးရေး စသည်တို့ကို တင်ပြဆွေးနွေးခဲ့ကြရာ ဝန်ကြီးချုပ်က ဝန်ကြီးများ၊ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကံမော်ကျေးရွာတိုက်နယ်ဆေးရုံတွင် ဆေးရုံတက်ဆေးကုသမှုခံယူနေသော ဝေဒနာရှင် များအား အားပေးစကားပြောကြားပြီး ဓာတ်မှန်ခန်း၊ ခွဲစိတ်ခန်းနှင့် ရေသန့်စက်တို့ကို ကြည့်ရှု စစ်ဆေးပြီး နယ်မြေမီးသတ်စခန်း ၊ နှစ်ခန်းတွဲ သုံးထပ်ဝန်ထမ်းအိမ်ယာ တည်ဆောက်ရေး လုပ်ငန်းနှင့် ကံမော်ကျေးရွာအား မြို့အဖြစ်တိုးချဲ့ဖွဲ့စည်းနိုင်ရေးတွက် ကျေးရွာအတွင်း ကြည့်ရှု စစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။ ထို့အတူ ပန်းဇင်ကျေးရွာ အထက်တန်း ကျောင်းတွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ဆောက်လုပ်လှူဒါန်းလျက်ရှိသော ပေ(၃၀)×ပေ(၆၀) ခြောက်ခန်းတွဲ ဝန်ထမ်းအိမ်ယာ၏ တည်ဆောက် ရေးလုပ်ငန်းအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ခိုင်ထူး ( မြိတ် ပြန်/ဆက် )