ပုသိမ် မတ် ၁၉
တိုင်းရင်းသားရေးရာ ကိစ္စရပ်များနှင့်စပ်လျဉ်းသည့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ဧရာဝတီတိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းရင်းသားများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးအတွင်း ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းစသည့် တိုင်းရင်းသားလူမျိုးပေါင်းစုံ စည်းစည်းလုံးလုံးညီညီညွတ်ညွတ်ဖြင့် စုပေါင်းနေထိုင်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းရင်းသားများ၏ ရိုးရာဓလေ့ပွဲတော်များ၊ နေ့ထူးနေ့မြတ်အခမ်းအနားများ အစဉ်အလာမပျက် ကျင်းပနိုင်စေရန် နှစ်စဉ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာနက အခြေခံပညာဦးစီးဌာနတွင် စကောကရင်၊ ပိုးကရင်၊ ရခိုင်၊ ချင်း TA/LT ဆရာ ဆရာမများကို ခန့်ထားပေးခဲ့ရာ ကျောင်းနေအရွယ်ကလေးအားလုံး ရာနှုန်းပြည့် ကျောင်းတက်ရောက်စေရေးနှင့် အတန်းစဉ် ကူးပြောင်းမှုမြင့်မားစေရေးအတွက် အထောက်အကူ ပြုပါကြောင်း၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းများအနေဖြင့် တိုင်းရင်းသားရေးရာကိစ္စရပ်များ ဆောင်ရွက်ရာတွင် စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးတမ်းများကို ရေရှည်တည်တံ့အောင် ဆက်လက်ထိန်းသိမ်းကြရန်နှင့် တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နိုင်မည့် နည်းလမ်းများကိုလည်း ဝိုင်းဝန်းအကြံပြု ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားကြရန် လိုပါကြောင်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က တာဝန်ရှိသူများထံ မြန်မာ-အင်္ဂလိပ်-စကောကရင်-အနောက်ပိုးကရင် (၄)ဘာသာ ဝေါဟာရစာအုပ် ပေးအပ်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


