ရေတာရှည်၊  ၂  ဇန်နဝါရီ

စစ်တောင်းမြစ်ကူးတံတား(ရေတာရှည်) ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၂ ရက် နံနက်ပိုင်းက ကျင်းပရာ ပဲခူးတိုင်းဒေသကြီး  ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

 

အခမ်းအနားတွင် ဝန်ကြီးချုပ် ဦးဝင်းသိန်းက အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးသိန်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မိုးနိုင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ တင်တင်ဝင်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ကျော်ကျော်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်သူတို့က  ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

 

ဆက်လက်၍ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်ရင်တို့က တံတားကဗျည်း ဆိုင်းဘုတ်အား စက်ခလုပ်နိပ်ဖွင့်လှစ်ပေးခဲ့ပြီး အမွှေးနံ့သာများ ပက်ဖျန်းပေးသည်။ ယင်းနောက် ဝန်ကြီးချုပ်နှင့် အဖွဲ့သည် တံတားကြီးအား လှည့်လည်ကြည့်ရှု ခဲ့သည်။

 

ယနေ့ဖွင့်လှစ်လိုက်သည့် စစ်တောင်းမြစ်ကူးတံတား (ရေတာရှည်)ကို ၂၀၁၈ ခုနှစ် မတ်လ ၂၈ ရက်တွင် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တည်ဆောက်အဖွဲ့(၂)၊ တံတားအထူးအဖွဲ့ ၆ မှ တာဝန်ယူ၍ တိုင်းဒေသကြီးငွေလုံးငွေရင်း ရန်ပုံငွေ ကျပ် ၁၃၅၀ သန်း၊ ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၂၁၅၀ သန်း စုစု ပေါင်း ရန်ပုံငွေ ကျပ် ၃၅၀၀ သန်းဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၃၀ ရက်တွင် ပြီးစီးခဲ့ခြင်း ဖြစ်သည်။

ကိုလွင်(ဆွာ)