ပဲခူး နိုဝင်ဘာ ၁

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ နိုဝင်ဘာ ၁ ရက် မွန်းလွဲပိုင်းက တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဆောင်၍ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၁) ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု လျော့နည်းကျဆင်းလာသည့်အပြင် ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်၍ တိုင်းအတွင်း ယခင်ကထက် ခရီးသွားများ ပိုမိုလာရောက်ကြမှာဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးတိုးတက် လာနိုင်ပြီဖြစ်သဖြင့် တိုင်းဒေသကြီးအတွင်း လာရောက်လည်ပတ်ကြသည့် ပြည်တွင်း/ပြည်ပ ခရီးသွားဧည့်သည်များ စိတ်ချမ်းမြေ့စွာ လာရောက်လည်ပတ် တည်းခိုနိုင်ရေးအတွက် ခရီးသွားလုပ်ငန်းနှင့် သက်ဆိုင်သော လုပ်ငန်းကဏ္ဍအသီးသီးတွင် ကျန်းမာရေးနှင့်ပတ်သက်၍ လုံခြုံစိတ်ချမှုရှိစေဖို့ ကြိုတင်ပြင်ဆင်ပေးထားရန် ဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်းနှင့်ပတ်သက်သည့် လုပ်ငန်းရှင်များနှင့် ဝန်ထမ်းများအားလုံးကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေး ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း၊ ခရီးစဉ်ဒေသတစ်ခုတည်းမှာ ခရီးသွားဧည့်သည်များ စုပြုံသွားလာလည်ပတ်မှု မရှိစေရေးအတွက် တိုင်းအတွင်း အခြားစိတ်ဝင်စားဖွယ် ခရီးစဉ်ဒေသအသစ်များကိုလည်း ဖော်ထုတ်ဆောင်ရွက်သွားရမှာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ ပဲခူးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးက (၁/၂၀၂၁) ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု၊ ဟိုတယ်လုပ်ငန်းလိုင်စင်အသစ် လျှောက်ထားခြင်းနှင့် ဟိုတယ်လုပ်ငန်းလိုင်စင် သက်တမ်းတိုးခြင်းများအား Power Point ဖြင့် အသေးစိတ်ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသည့် ပဲခူးတိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ အဖွဲ့ဝင်များက ဆွေးနွေးအကြံပြုကြသည်။

ယင်းနောက် လုပ်ငန်းကော်မတီဝင်းများ၏ ဆွေးနွေးအကြံပြုခဲ့ချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆုံးဖြတ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

တင်စိုး(ပဲခူး)