ပုလဲ ၂၀ အောက်တိုဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ ချင်ပြစ်ကျင်းကျေးရွာသို့ အောက်တိုဘာ ၁၉ ရက် မွန်းတည့် ၁၂ နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ထက်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးသန်းနိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ရောက်ရှိခဲ့ပြီး အခြေခံပညာ အလယ်တန်းကျောင်း၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးဆွေးနွေးပွဲကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်က အမှာစကား ပြောကြားခဲ့ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်နှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ထက်တို့က လွှတ်တော်ဆိုင်ရာ အတွေ့အကြုံများနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးနေမှု အခြေအနေများကို ရှင်းလင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးသန်းနိုင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်ဝင်းစိုး၊ မြို့နယ်ပညာရေးမှူး ဦးဝင်းရွှေ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ အမှုဆောင်အရာရှိ ဒေါ်မော်တူး၊ မြို့နယ်လမ်းဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်မြင့်ထွန်း၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်မင်းဦး၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဦးစီးအရာရှိ ဦးတင့်လွင့်၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြင့်သိန်းစိုးနှင့် မြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန အငယ်တန်းအင်ဂျင်နီယာ (၁)ဒေါ်နန်းခိုင်သဉ္ဇာတို့က ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးနေသည့် လုပ်ငန်းစဉ်များကို ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် ဒေသခံပြည်သူများက လမ်းပန်းဆက်သွယ်မှုကောင်းမွန်ရေး၊ ကျောင်းဆောင်သစ် ရရှိရေးနှင့် ကျေးရွာလျှပ်စစ်မီးလင်းရေး ဆောင်ရွက်ပေးရန်တို့ကို မေးမြန်းဆွေးနွေးရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးသန်းနိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်သည့် လုပ်ငန်းကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။
အလားတူ ဒေသဖွံ့ဖြိုးရေး ဆွေးနွေးပွဲများကို ပုလဲမြို့နယ်၊ တုန်းကန်ကျေးရွာ၊ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)နှင့် မင်းတိုင်ပင်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့ပြီး ဒေသခံပြည်သူများက တင်ပြဆွေးနွေးသည့် လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေး၊ ကျောင်းဆောင်သစ် ရရှိရေး၊ ဘောလုံးကွင်းမြေနေရာ ပြန်လည်သတ်မှတ်တိုင်းတာပေးရေး၊ ရေနုတ်မြောင်းများ ရေစီးရေလာ ကောင်းမွန်အောင် ဆောင်ရွက်ပေးရေး၊ မင်းတိုင်ပင်ဈေး သန့်ရှင်းသာယာ လှပအောင်ဆောင်ရွက်ပေးရေး စသည့် ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များနှင့် ပတ်သတ်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးသန်းနိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်သည့် လုပ်ငန်းကဏ္ဍအလိုက် ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။
မြင့်သိန်းစိုး(ပြန်/ဆက်)


