မိတ္ထီလာ ၃ဝ မတ်

 

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်းသည် မတ် ၃ဝ ရက် မွန်းလွဲ နာရီခွဲက မိတ္ထီလာခရိုင်အတွင်းရှိ ခရိုင်နှင့်မြို့နယ်များမှ COVID-19 ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် တွေ့ဆုံ၍ ထောက်ပံ့ရေးပစ္စည်းများကို မိတ္ထီလာမြို့နယ် ကန်တော်မင်္ဂလာခန်းမတွင် ပေးအပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါတွေ့ဆုံပွဲတွင် တိုင်းဒေသကြီးဝန်ကြီး ဒေါက်တာစိုးသန်းက မိတ္ထီလာခရိုင်အတွင်းရှိ မြို့နယ်များ၌  COVID-19 ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းများကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများနှင့် ဌာနဆိုင်ရာများက ကြိုးပမ်းဆောင်ရွက်နေသည်ကို သိရှိပါကြောင်း၊ COVID-19 ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အခက်အခဲများရှိပါက ပေါင်းစပ်ညှိနှိုင်းပေးနိုင်ရန် ယခုကဲ့သို့ တွေ့ရခြင်းဖြစ်ကြောင်းနှင့် အခက်အခဲများကို ပွင့်ပွင့်လင်းလင်း တင်ပြနိုင်ကြောင်း၊ ဖြည့်ဆည်းပေးနိုင်သည်ကို ဖြည့်ဆည်းပေးမည်ဖြစ်ပြီး ညှိနှိုင်းပေါင်းစပ်ပေးစရာ ရှိသည်များကိုလည်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ခရိုင်နှင့်မြို့နယ်များမှ COVID-19 ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများဖြစ်သည့် ခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာညွန့်စိန်၊ မိတ္ထီလာ၊ မလှိုင်၊ ဝမ်းတွင်း၊ သာစည်မြို့နယ်များမှ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးမှူးများက အဆိုပါလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် လိုအပ်ချက်များကိုလည်းကောင်း၊ တက်ရောက်လာကြသည့် ဒေသခံပရဟိတ အဖွဲ့အစည်းများမှ တာဝန်ရှိသူများက လိုအပ်ချက်များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို တင်ပြကြသည်။

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးသည် မိတ္ထီလာခရိုင်အတွင်းရှိ COVID-19 ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းများအတွက် အခြေခံလိုအပ်ချက် အထောက်အကူပြုပစ္စည်းများကို တာဝန်ရှိသူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပြီး တင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။

 

ချမ်းသာ (မိတ္ထီလာ)