မန္တလေး ၁၁ စက်တင်ဘာ 

 

မိုးကုတ်မြို့သို့ နိုင်ငံခြားသားလည်ပတ်ခွင့်အတွက် မန္တလေးတိုင်းဒေသကြီး အစိုးရထံ လျှောက်ထားသွားလာနိုင်ပြီဖြစ်ကြောင်း မိုးကုတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။ 

 

 

မိုးကုတ်မြို့အတွင်း လုံခြုံရေးအရ  နိုင်ငံခြားသား လည်ပတ်ခွင့်ကို ၂၀၁၄ ခုနှစ်ကစတင်ပိတ်ခဲ့ပြီး ယခုအခါ မန္တလေးတိုင်းဒေသကြီး အစိုးရထံ လျှောက်ထားသွား လာနိုင်ပြီဖြစ်သည်။ 

 

''မိုးကုတ်မြို့ကို နိုင်ငံခြားသား ဝင်ထွက်ခွင့်နဲ့ပတ်သက်ပြီး မနေ့က စာဝင်လာတယ်။ မန္တလေး-မိုးကုတ်- သပိတ်ကျင်း လမ်းပိုင်းက လာတာကိုပဲ ခွင့်ပြုထားတယ်၊ မန္တလေး-ပြင်ဦးလွင် လမ်းပိုင်းကလာဖို့ ခွင်ပြုမထားဘူး''ဟု မိုးကုတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကံထူးကပြောသည်။

 

ယခုလိုဝင်ထွက်ခွင့်ပြုလိုက်သည့်အတွက် မိုးကုတ်မြို့၏စီးပွားရေး ပိုမိုဖွံ့ဖြိုးလာနိုင်သည်ဟု ဒေသခံများကဆိုသည်။ 

 

''နိုင်ငံခြားသားတွေလာကြရင် ဒေသဖွံ့ဖြိုးရေးမှာ စားသောက်ဆိုင်တွေ ဟိုတယ်တွေ အလုပ်ဖြစ်မယ် ဒေသအမှတ်တရ ပစ္စည်းတွေ ရောင်းကောင်းမယ်။ သူတို့အတွက် ကျောက်တွေဝယ်ကြမယ်'' ထာပွဲကျောက်ကုန်သည်များအဖွဲ့ ဘဏ္ဍာရေးမှူး ကိုမင်းသူကပြောသည်။

 

ယခုလိုခွင့်ပြုပါကလာရောက်လည်ပတ်လိုသည့် နိုင်ငံခြားသားများပြားလာနိုင်ကြောင်းသိရသည်။ 

 

''အိန္ဒိယဧည့်သည်တွေလည်း လာကြတာရှိတယ်။ တရုတ်ဘက်က ကုန်သည်တွေ ဝင်လာရင်တော့ ပိုရောင်းရမယ် ထင်တယ်။ ခွင့်ပြုတာကလည်း မြို့တွင်းလောက်ပဲ။ သွားလာခွင့်နယ်မြေကန့်သတ်ထားတယ်။ ကျောက်တွင်းတွေမှာတော့ ခွင့်ပြုမထားဘူး ''ဟု ကိုမင်းသူက ဆက်ပြောသည်။

 

အိမို့မို့ခိုင်