မုံရွာ နိုဝင်ဘာ ၁၈
နိုင်ငံတစ်နိုင်ငံအနေဖြင့် ပြည်သူလူထုရွေးချယ်တင်မြှောက်သည့် အစိုးရတစ်ရပ် ပေါ်ပေါက်လာ စေရန်အတွက် ရွေးကောက်ပွဲများကျင်းပပြီး အနိုင်ရသည့် ကိုယ်စားလှယ်များဖြင့် အစိုးရ တစ်ရပ်ဖွဲ့စည်းကာ တိုင်းပြည်၏ အရေးအရာအားလုံးကို တက်ရောက်လာသည့် အစိုးရများက တာဝန်ယူဆောင်ရွက်ရသည်ကို အားလုံးအသိပင်ဖြစ်ပါကြောင်း၊ ပြည်သူလူထု၏ ဆန္ဒနှင့်အညီ ရွေးချယ်တင်မြောက်သည့်နေရာတွင် အဓိကကျသည့် မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများ မှန်ကန်ရေးအတွက် တာဝန်ရှိသူအားလုံးက အလေးထားဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် က ပြောကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မဲစာရင်းများမှန်ကန်ရေးအတွက် မြေပြင်စာရင်းကောက်ယူ နိုင်ရေး ညှိနိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် က ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ ရွေးကောက်ပွဲနှင့် ပတ်သက်သည့် အမှားများကဲ့သို့မဖြစ်စေရေး အလေးထား ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း။
၂၀၂၀ ပြည့်နှစ်၊ ရွေးကောက်ပွဲ၏ အဓိကမှားယွင်းချက်များကို လေ့လာရာတွင် နိုင်ငံသား စိစစ်ရေးကဒ်များ စနစ်တကျမရှိခြင်း၊ ဖောင်းပွနေခြင်းနှင့် လူတစ်ဦးတည်းက ဆပွားပုံစံဖြင့် ဆောင်ရွက်သည့် ကိစ္စရပ်များကြောင့် မဲစာရင်းများမမှန်မကန်ဖြစ်ပြီး ရလာဒ်အဖြေများ မှားယွင်းခဲ့သည့် ကိစ္စရပ်များ ပေါ်ပေါက်ခဲ့ရပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအတွင်း အိမ်ထောင်စု၊ လူဦးရေစာရင်းများ မှန်ကန်ရေးအတွက် တာဝန်ရှိသူအားလုံးက တာဝန်သိစိတ်ဖြင့် လုပ်ငန်းဆောင်ရွက်ရာတွင် မိမိတို့ဝန်ထမ်းအားလုံး ကျရာအခန်းကဏ္ဍမှ ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရန် မှာကြားလိုပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး လူမူရေးရာဝန်ကြီး၊ တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးအေးလိူင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်း ရေးမှူး ဦးခင်မောင်ဆန်းတို့က တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များတွင် မဲစာရင်းများ မှန်ကန်ရေးအတွက် မြေပြင်စာရင်းကောက်ယူနိုင်ရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများကို ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်ရုံး တိုင်းဒေသကြီးဦးစီးမှူး ဦးသောင်းဒန်က လုပ်ငန်းများဆောင်ရွက်သွားမည့် အခြေအနေများကိုလည်းကောင်း၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက မိမိတို့ဌာနများအလိုက် မဲစာရင်းများမှန်ကန်ရေးအတွက် မြေပြင်စာရင်း ကောက်ယူနိုင်ရေးလုပ်ငန်းများတွင် တာဝန်ယူဆောင်ရွက်သွားမည့် လုပ်ငန်းများနှင့် ပတ်သက်၍ လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် အစည်းအဝေးသို့ တက်ရောက်လာသူများက တိုင်းဒေသကြီးအတွင်း မဲစာရင်းများမှန်ကန်ရေးအတွက် မြေပြင်စာရင်းကောက်ယူနိုင်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ဖြည့်စွက်တင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)