ရန်ကုန် ၄  အောက်တိုဘာ

 

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော တိုင်းဒေသကြီးအတွင်း မီးလောင်မှုများတွင် မီးငြှိမ်းသတ်ရေးလုပ်ငန်းများ၌ စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသော မီးသတ်တပ်ဖွဲ့ဝင်များအား ငွေကြေးထောက်ပံ့ ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့၊ နံနက်(၁၁)နာရီတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ ပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်၍ ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။

 

ဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် မိမိတို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေ ဖြင့် နိုင်ငံ့တာဝန်နှင့် ပြည်သူ့အကျိုးကို စွမ်းဆောင်ရင်း အသက်ပေးသွားကြသူများ၊ ပြည်သူ့အကျိုး အတွက် စွမ်းစွမ်းတမံဆောင်ရွက်ပေးခဲ့သော မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တို့အား ဒီကနေ့ ဂုဏ်ပြုမှတ်တမ်းတင်ခြင်းပဲ ဖြစ်ကြောင်း၊ ယခုလို ဂုဏ်ပြုချီးမြှောက်ရာတွင် ပေးနိုင်သော ငွေကြေးပမာဏနှင့် ထောက်ပံ့မှုများသည် အများကြီးမဖြစ်သော်လည်း စိတ်ဓာတ်ခွန်အားများကို မြှင့်တင်ပေးနိုင်လိမ့်မည်ဟု မိမိအနေဖြင့် ယုံကြည်ပါကြောင်း၊ စွမ်းစွမ်းတမံဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များကိုလည်း အသိအမှတ်ပြု လေးစားဂုဏ်ယူပါကြောင်း၊ နောက်ပိုင်းတွင်လည်း မိမိတို့နိုင်ငံ၏ အရေးကိစ္စများအပေါ်တွင် တပ်ဖွဲ့ဝင်များအနေဖြင့် စိတ်ဓာတ်ခွန်အားများဖြင့် စွန့်လွှတ်ခြင်း၊ အနစ်နာခံခြင်း၊ ပေးဆပ်ခြင်းများနှင့်အတူ နိုင်ငံတော် တည်ဆောက်ရေးတွင် တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်ရန် မိမိအနေဖြင့် တိုက်တွန်း ပြောကြားလိုပါကြောင်း ပြောသည်။

 

ထို့နောက် ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများက ရန်ကုန်တိုင်းဒေသကြီးအတွင်း မီးငြှိမ်းသတ်ရေး လုပ်ငန်းများတွင် စွမ်းစွမ်းတမံ မီးငြှိမ်းသတ်ဆောင်ရွက်ခဲ့သည့် တပ်ဖွဲ့ဝင်(၃၁)ဦးအား တစ်ဦးလျှင် ကျပ်(၂)သိန်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာအား လည်းကောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ မီးရထား ရဲတပ်ဖွဲ့မှ ကွယ်လွန်သွားသည့် ဒုတပ်ကြပ် မျိုးမြင့်လွင်နှင့် မီးသတ်ဦးစီးဌာနမှ ကွယ်လွန်သွားသည့် ဦးစီးအရာရှိ ဦးကျော်စွာလင်းတို့(ကိုယ်စား) ဇနီးဖြစ်သူတို့အား ကျပ်(၂၀)သိန်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာအား လည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

 

ဆက်လက်၍ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၏ လူမှုရေးရန်ပုံငွေအတွက် ကျပ်(၂၅)သိန်းအား ဝန်ကြီးချုပ်က  ပေးအပ်ချီးမြှင့်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး၊ မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးမျိုးဝင်းက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

 

ဆန်းကျော်ဦး (ပြန် /ဆက်)