ရန်ကုန် ဇူလိုင် ၂၄
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သဘာဝရေပြင်တို့တွင် ငါးသယံဇာတ စဉ်ဆက် မပြတ် ရှင်သန်ပေါက် ဖွား၍ ရာသီမပြတ် ထုတ်ယူစားသုံးနိုင်ရန် ငါးလုပ်ငန်းဦးစီးဌာနမှ ယခုနှစ်မိုးရာသီ၌ ငါးသား ပေါက်ကောင်ရေ သိန်း ၂၇၀ စိုက်ထည်ရန် လျာထား ဆောင်ရွက် လျက်ရှိပြီး ငါးသားပေါက်ကောင်ရေ ၇၉ ဒသမ ၀၃ သိန်း စိုက်ထည့် ထားပြီးဖြစ်ကြောင်း တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနနေဖြင့် ယမန်နှစ်က ငါး သားပေါက်ကောင်ရေ ၂၆၁ သိန်းစိုက် ထည့်ခဲ့ပြီး ယခုနှစ်တွင် လျာထားချက်၏ ၂၉ ဒသမ ၂၇ ရာခိုင်နှုန်းကို ခရိုင်နှင့်မြို့နယ်တို့ရှိ သဘာဝ ရေပြင်နေရာ ၂၀ တို့၌ ဇူလိုင်လ တတိယပတ်က ၂၂ ကြိမ်မြောက်အဖြစ် စိုက်ထည့်ခဲ့ကြောင်း သိရသည်။
“နိုင်ငံတော်အကြီးအကဲ သဘာဝရေပြင်မှာဆိုရင် ပြည်သူတွေတိုက်ရိုက်ဖမ်း ဆီးစား သုံးနိုင်တာကြောင့် ဦးစားပေးမျိုးစိုက်ထည့်ဖို့ ညွှန်ကြားထားတဲ့အတွက် တိုင်းဒေသကြီးအတွင်းက အဓိကသဘာဝရေပြင် တွေမှာ ရှင်သန်နှုန်းကောင်းမွန်ပြီး အကောင် ၁၀၀ လွှတ်ရင် ၈၀ ရှင်သန်နိုင်တဲ့ နှစ်လက်မအရွယ် ငါးသားပေါက်တွေ စိုက်ထည့်ထားပါတယ်။ ငါးသယံဇာတကိုထိန်းသိမ်းမှုနဲ့အတူ ငါးလုပ်ငန်းစဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်စေဖို့၊ ငါးမျိုးပြုန်း တီးမှုမဖြစ်ပေါ်စေဖို့၊ သဘာဝရေပြင်တွေမှာ ငါးမျိုးများ ရေရှည်စဉ်ဆက် မပြတ် တည်ရှိနေစေဖို့၊ ငါးထုတ်လုပ်မှုတိုးတက်လာစေဖို့နဲ့ ဒေသခံ ပြည်သူတွေ ငါးရိက္ခာ ဖူလုံပြီး လူမှူစီးပွားဘဝမြင့်မားလာစေဖို့ စတဲ့ရည်ရွယ်ချက်မနဲ့ ငါးမျိုးစိတ်များကို စိုက် ထည့်နေပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်ရွှေက ပြောသည်။
သဘာဝရေပြင်တို့၌ ငါးမြစ်ချင်း၊ ထိုင်းငါးခုံးမနှင့် ရွှေဝါငါးကြင်း စသည့်ငါးသား ပေါက်များကို စိုက်ထည့်လျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန အနေဖြင့် ဧပြီလ ဇီဝိတဒါနငါးလွှတ်ပွဲ မှစတင်ကာ ငါးသားပေါက်များကိုစိုက် ထည့်ခဲ့ရာ ဇွန်လ၌ ငါးသားပေါက်ကောင်ရေ သိန်း ၃၀၊ ဇူလိုင်လ တတိယပတ်၌ ငါးသား ပေါက်ကောင်ရေ ၄၇ ဒသမ ၅၀ သိန်းဖြင့် စုစုပေါင်း ၇၉ ဒသမ ၀၃ သိန်း စိုက်ထည့်ခဲ့သည်။ မြစ်၊ ချောင်း၊ အင်း၊ အိုင်တို့တွင် သဘာဝဖြစ်စဉ်နှင့် လူပယောဂတို့ကြောင့် ငါးသယံဇာတ လျော့နည်း ကျဆင်းသွားပါက ငါးမျိုးစိုက်ထည့်ခြင်းဖြင့် ပုံမှန်မျိုးပွားသားပေါက်နိုင်သည့် အနေအထားသို့ရောက်ရှိ၍ သဘာဝရေပြင်တွင်ရှိသော ငါးသယံဇာတထုထည်ကို မူလအတိုင်း ပြန်လည် ရရှိစေကာ သဘာဝမှထောက်ပံ့ပေးသည့် ငါးသယံဇာတများ တိုးပွားစေမည်ဖြစ်ရာ နှစ်စဉ် တိုင်းဒေ သကြီးနှင့် ပြည်နယ်တို့ရှိ ရေချိုသဘာဝရေပြင်တို့၌ ငါးသားပေါက်များကို စိုက်ထည့် လျက်ရှိသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ငါးမွေးကန် ဧက တစ်သိန်းတွင် ရေချိုငါးများကို မွေးမြူထုတ်လုပ် လျက်ရှိပြီး တိုင်းဒေသကြီးအတွင်း ဖူလုံမှုသာမက နေပြည်တော် အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် များသို့ တင်ပို့ဖြန့်ဖြူးလျက်ရှိသည်။ ဧရာဝတီတိုင်း ဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးမှ ဝင်ရောက်သည့် ရေချိုငါး၊ ပုစွန်များကို အအေးခန်း စက်ရုံ ၇၉ ရုံတွင် ပြုပြင်ထုတ်လုပ်၍ ပြည်ပသို့တင်ပို့လျက်ရှိရာ ငါးမြစ်ချင်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ စစ်ထွေမှတစ်ဆင့် တိုက်ရိုက်တင်ပို့လျက်ရှိသည်။ ပြည်ပပို့ကုန် ရရှိထားသော ရေထွက်ကုန်ကို တိုးမြှင့်မွေးမြူခြင်း၊ တစ်ဧက ငါးအထွက်နှုန်းကောင်းမွန်ရန်အတွက် နည်းပညာနှင့် သွင်းအားစုများ ဖြည့်ဆည်းဆောင်ရွက်ခြင်းဖြင့် ရေထွက်ကုန်မွေးမြူရေးကဏ္ဍမှ နိုင်ငံခြားဝင်ငွေ စဉ်ဆက်မပြတ်ရရှိရန် မွေးမြူရေးတောင်သူများ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့်လည်း ငါးမွေးမြူရေးသင်တန်းများကို ဖွင့်လှစ်သင် ကြား ပေးလျက်ရှိပြီး တွံတေး ငါးလုပ်ငန်းသိပ္ပံ၌ ယမန်နှစ်မှစတင်၍ ဒီပလိုမာသင်တန်းများကို တိုးချဲ့ဖွင့်လှစ်သင်ကြား ပေးလျက်ရှိရာ အလယ်အလတ်အဆင့် ငါးလုပ်ငန်းပညာရှင်များ၊ မွေးမြူရေးပညာရှင်များ ပေါ်ထွန်း လာမည်ဖြစ်သည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်တို့ရှိ သဘာဝရေပြင်တို့တွင် ငါးသယံဇာတစဉ် ဆက်မပြတ် ရှင်သန်ပေါက်ပွားခြင်းဖြင့် ရာသီမပြတ် ထုတ်ယူစားသုံးနိုင်ရန် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေး နှစ်၌ တစ်နိုင်ငံလုံးတွင် ငါးသားပေါက်ကောင်ရေ သိန်း ၁၀၀၀ ကျော် မျိုးစိုက်ထည့်ရန် လျာထားဆောင် ရွက်လျက် ရှိရာ ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ငါးသားပေါက်ကောင်ရေ သိန်း ၂၇၀ စိုက်ထည့်သွား မည်ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ - ကနူး - ညိမ်းသူ(သတင်းစဉ်)