ရန်ကုန် အောက်တိုဘာ ၂၁
စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသော မြန်မာနိုင်ငံတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်တို့ရှိ မြစ်ရေတင်လုပ်ငန်းများမှ ရာသီလိုက်သီးနှံများ စိုက်ပျိုးနိုင်ရန် လိုအပ်သော စိုက်ပျိုးရေကို ထောက်ပံ့ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးမြေ ၂၄၅၁၈ ဧကအား မြစ်ရေတင်လုပ်ငန်း ၂၅ ခုမှ အကျိုးပြုလျက်ရှိကြောင်း သိရသည်။
ဆန်စပါးနှင့် ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးလာသည့် ရန်ကုန်တိုင်းဒေသကြီးတွင် မိုးစပါးစိုက်ပျိုးရာသီ၌ သဘာဝဘေးအန္တရာယ် ရေကြီးနစ်မြုပ်မှုကို ဖြတ်သန်းကျော်လွှား၍ စိုက်ပျိုးနိုင်ခဲ့ကြပြီး နိုင်ငံတော်၏လမ်းညွှန်မှု၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်ဆောင်ရွက်မှုဖြင့် လျာထားဧကများပြည့်မီရန် စိုက်ပျိုးရေးဦးစီးဌာနမှ စပါးစိုက်တောင်သူများ နှင့်လက်တွဲ၍ ပျက်စီးသွားသော မိုးစပါးစိုက်ခင်းများနေရာ၌ အချိန်မီအစားထိုး ပြန်လည် စိုက်ပျိုးနိုင်ခဲ့သည်။
တောင်သူများအနေဖြင့် မြစ်ရေတင်ရေသောက်စနစ်ကို နွေစပါးကာလ၌ အထူးအားကိုးအားထား ပြုကြလေ့ရှိပြီး လိုအပ်သောရေကို ထောက်ပံ့ပို့လွှတ်နိုင်ခြင်းကြောင့် နွေစပါးနှင့် နေကြာအပါအဝင် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးလိုသော တောင်သူတို့၏ လူမှုစီးပွားဖွံ့ဖြိုးမှုကို အထောက်အပံ့ဖြစ်စေလျက်ရှိသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် နွေစပါး၊ မိုးစပါးနှင့် ဆီထွက်သီးနှံစိုက်ပျိုးကြသည့် တိုက်ကြီးမြို့နယ်၊ ထန်းတပင်မြို့နယ်၊ မှော်ဘီမြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊ လှည်းကူးမြို့နယ်၊ သန်လျင်မြို့နယ်နှင့် ခရမ်းမြို့နယ်တို့တွင် ဆိုလာ၊ လျှပ်စစ်ဖြင့် မြစ်ရေတင်လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည့် အိုင်ကလောင်၊ အလဘုတ်၊ သပြေတန်း၊ တော်လတီ၊ တောင်ရပ်ဇီးကုန်း၊ ရေပေါ်သောင်၊ ကြို့ကုန်း၊ ဂွေ့တန်းရှည်၊ ကျွန်းငူ၊ ကန်ကလေး၊ မြောင်းတကာ၊ စမ်းကြီးဝ၊ ဘားလား(၁)၊ ဘားလား(၂)မလစ်၊ ရေကျော်၊ စစ်ပင်၊ ဆင်ဖုန်၊ ငွေနံ့သာ၊ ငမိုးရိပ်၊ လက်ပံ၊ ရဲမွန်၊ ခရမ်းချောင်း၊ ကမာကလူနှင့် ကျုံတု စသည့် မြစ်ရေတင်လုပ်ငန်းများမှ စိုက်ပျိုးမြေဧက ၂၄၅၁၈ ဧကအား အချိန်အခါမရွေး ရေပို့လွတ်မှုဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ အောင်မြင်ဖြစ်ထွန်းစေရန် အကျိုးပြုလျက်ရှိကြောင်း သိရသည်။
ဓာတ်ပုံ- ဇွဲမာန်
သစ္စာ(MNA)


