အမာ ၁၀ အောက်တိုဘာ
တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဘိုဘိုမင်းဇော်၊ ကျေးလက်လမ်း ဖွံ့ဖြိုးရေး ဦးစီးဌာန တံတားတည်ဆောက်ရေးအဖွဲ့ နေပြည်တော်ရုံးချုပ်မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင့်လွင်နှင့်အဖွဲ့၊ ဖျာပုံခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ရင်ရင်မြင့်၊ ဖျာပုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးသက်မင်းထွန်း၊ အမာမြို့ အုပ်ချုပ်ရေးမှူး ဦးဇင်မင်းထိုက်၊ အမာမြို့နယ်အဆင့် ဌာနဆိုင်ရာများ စုပေါင်းပြီး ယမန်နေ့က တယ်ပင်ဆိပ်ကျေးရွာနှင့် အုတ်ဖိုကျေးရွာသို့ ကွင်းဆင်း၍ ချောင်းကူးတံတား တည်ဆောက်မည့် နေရာကြည့်ရှု စစ်ဆေးခဲ့သည်။
ထို့နောက် အုတ်ဖိုကျေးရွာဓမ္မဝိသုဒ္ဓိကျောင်းတိုက်၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံပြီး တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဘိုဘိုမင်းဇော်က လွှတ်တော်အတွင်း ဆောင်ရွက်နေရသည့် အခြေအနေများ ပြည်သူများ တင်ပြလာသည့် အဆင်မပြေမှု့ အခက်အခဲများကို လွှတ်တော်သို့တင်ပြပြီး လုပ်ကိုင်ဆောင်ရွက်ပေးရသည့်အ ခြေအနေများကို ရှင်းလင်းသည်။
ထို့နောက် လိုက်ပါလာသောဌာနဆိုင်ရာများနှင့် မိတ်ဆက်ပေးပြီး ပြည်သူများအား တင်ပြဆွေးနွေးပေးရန် ပြောကြားသည်။ တင်ပြလာသည့်ကျန်းမာရေးအတွက် ဆေးကုသရန် အခက်အခဲ၊ ဘုံငါးဖမ်းကွက်များပြုလုပ်ပေးရန်နှင့် သစ်တောအတွင်းက လယ်ယာမြေပုံစံ(၇)ရရှိရန် များရွာအရှေ့နှင့် အနောက်ကူးသည့် တံတားအခြေပြတ်နေမှုကို ပြန်လည်ပြင်ဆင်ပေးရန်များကို ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေးခဲ့သည်။
စုပေါင်းအဖွဲ့သည် မွန်းလွဲပိုင်းတွ၍ ချောင်းကူးတံတား တည်ဆောက်မည့်နေရာအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တယ်ပင်ဆိပ်ကျေးရွာသို့ သွားရောက်ကာ မဏိရတနာကျောင်းတိုက်ဓမ္မာရုံ၌ ပြည်သူ(၁၀ဝ)ဦးခန့်နှင့် တွေ့ဆုံပွဲပြုလုပ်သည်။ လွှတ်တော်အတွေ့အကြုံများ ရှင်းလင်းခဲ့ပြီး ပြည်သူများ၏ တင်ပြသည့် အခက်အခဲများကို ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ဖြေရှင်းသည်။ ညနေ(၅)နာရီတွင် တွေ့ဆုံပွဲပြီးဆုံးပြီး လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ဖျာပုံမြို့သို့ ပြန်လည်ထွက်ခွါသွားသည်။ တယ်ပင်ဆိပ်အုတ်ဖို ချောင်းကူးတံတားပြီးစီးပါက အမာဘဝသစ် တယ်ပင်ဆိပ်အုတ်ဖို အပြင်ကုန်းတန်းကျေးရွာများဖြစ်သော တောတွတ်ဗျူးချောင်း ဖိုးထူးတောင်ယာ ဘိုးဘကုန်းဆိပ်မ ကျေးရွာများ တစ်ဆက်တစ်စပ်တည်း ကုန်းလမ်းခရီး အဆင်ပြေသွားလာနိုင်မည်ဖြစ်ကြောင်း အုတ်ဖိုကျေးရွာတွင် နေထိုင်သူဦးစိုးလွင်က ပြောကြားသည်။
ဝင်းမြင့်အောင်(ပြန်ဆက်)


