နေပြည်တော် ၁၂ ဇူလိုင်
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီး ဌာနသည် ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်အရ ဇူလိုင် ၈ ရက်မှ ၁၁ ရက်အတွင်း ရန်ကုန်တိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့၌ တရားမဝင်သစ်များ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
သစ်တောဦးစီးဌာနမှ ဝန်ထမ်းများနှင့် နယ်မြေတာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် ပဲခူး-ဖောင်ကြီး ကြီးလေးကြီးလမ်း ကြို့ကုန်းလမ်းခွဲ၌ တရားမဝင်သစ်ခွဲသား ၈ ဒသမ ၆၁၃ တန်ကို မော်တော်ယာဉ်တစ်စီးနှင့်အတူ ပြစ်မှုကျူးလွန်သူတစ်ဦး၊ ကချင်ပြည်နယ် ဗန်းမော်မြို့နယ် ရွှေကျီးနားရေဆိပ်အနီး၌ တရားမဝင်ကျွန်းခွဲသား ၁ဒသမ ဝ၈၈ တန်ကို သုံးဘီးဆိုင်ကယ်တစ်စီးနှင့် ပဲ့ထောင်စက်လှေတစ်စီးအတူ ပြစ်မှုကျူးလွန်သူသုံးဦး၊ ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းဆတ်မြို့နယ် ဆိုက်ခေါင်မြို့ဝင်ဂိတ်၌ တရားမဝင်သစ်ခွဲ သား ဝ ဒသမ ၄၃ တန်ကို မောင်တော်ယာဉ်တစ်စီးနှင့်အတူ ပြစ်မှုကျူးလွန်သူတစ်ဦး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) မဘိမ်းမြို့နယ် ကြိုးပြင်(IX)၌ တရားမဝင်သစ် ၈ ဒသမ ၁၄၁၈ တန်ကို မော်တော်ယာဉ်တစ်စီးနှင့်အတူ ပြစ်မှုကျူးလွန်သူနှစ်ဦးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ် ရွှေကျင်ကြိုင်းဝိုင်းအတွင်း၌ တရားမဝင်သစ် ၉ ဒသမ ၁၈၁ တန်၊ စစ်ကိုင်းတိုင်းဒေသကြီး အိုးဘိုတောင်တံတား အနီးနှင့် DENKO ဆီဆိုင်ရှေ့ရှိ မော်တော်ယာဉ်တစ်စီးပေါ်တွင် တရားမဝင်ပိတောက်ခွဲ သား ၁ ဒသမ ၈၆၁ တန်နှင့် ဖောင်းပြင်မြို့နယ် လမ်းလေးခွကျေးရွာအနီး၌ တရားမဝင် သစ် ၆ ဒသမ ဝ၉၂ တန်တို့ကို ဖမ်းဆီးရမိခဲ့ပြီး ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
မောင်မျိုး