နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသား ယဉ်ကျေးမှု ကိုယ်စားလှယ်အဖွဲ့များကို သွားရောက်တွေ့ဆုံ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းများနှင့် ပတ်သက်၍ လုပ်ငန်းလမ်းညွှန်နှင့် ဆန်းစစ်ပုံစံများအား တိုင်းဒေသကြီးအဆင့် အသိပေး ရှင်းလင်းခြင်း အခမ်းအနားသို့တက်ရောက်
နေပြည်တော်၊ ဖေဖော်ဝါရီ ၅
(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ ကျင်းပရေးစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဆပ်ကော်မတီဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ ကော်မတီအဖွဲဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတွင် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအကများဖြင့် ဖျော်ဖြေတင်ဆက်ရန် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း၌ ရောက်ရှိနေကြသော တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားယဉ်ကျေးမှု ကိုယ်စားလှယ်အဖွဲ့များကို သွားရောက်တွေ့ဆုံပြီး ဆေးပေးခန်းများ၊ စာကြည့်တိုက်နှင့် ဆပ်ကော်မတီရုံးခန်းများ၊ တည်းခိုဆောင်များ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ကြည့်ရှုစဉ် နေပြည်တော်ကောင်စီဥက္ကဋ္ဌက အစားအသောက်များ ဘေးအန္တရာယ် ကင်းရှင်းစေရေး၊ ခြင်အန္တရာယ်ကင်ရှင်းစေရေး၊ ရေ၊ မီး၊ သန့်စင်ခန်းများပြည့်စုံစေရေး၊ သန့်ရှင်းသာယာရေးတို့ကို အလေးထား ဆောင်ရွက်စေလိုကြောင်းနှင့် လိုအပ်သည်များကို တာဝန်ရှိသူများကို မှာကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ပျဉ်းမနားခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများကို စံသတ်မှတ်ချက်များနှင့် အညီ ထုပ်ပိုးခြင်းနှင့် ကျန်းမာရေး သတိပေးရုပ်ပုံများ၊ စာသားများကို ပုံနှိပ်ဖော်ပြခြင်းဆိုင်ရာအမိန့်ပါ ပြဋ္ဌာန်းချက်များ၊ လုပ်ငန်းလမ်းညွှန်နှင့် ဆန်းစစ်ပုံစံများအား တိုင်းဒေသကြီးအဆင့် အသိပေးရှင်းလင်းခြင်း အခမ်းအနားသို့ တက်ရောက်သည်။
အခမ်းအနားတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌက ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းများ သုံးစွဲမှုလျော့ကျစေရန်၊ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများ သုံးစွဲမှုကြောင့် ကျန်းမာရေး ထိခိုက်စေကြောင်း အများပြည်သူ သိရှိနားလည်သဘောပေါက်စေရန်အတွက် Standardized Packaging သည် အမှန်တကယ် ထိရောက်သော နည်းလမ်းဖြစ်သည့်အတွက် အောင်မြင်စွာ အကောင် အထည်ဖော်ဆောင်ရွက်ရေး နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် အတူနှီးနွယ်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများအားလုံး ပူးပေါင်းဆောင်ရွက်သွားရန် ပြောကြားသည်။
ထို့နောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှုးချုပ် ဒေါက်တာ ကျော်ကံကောင်းက မြန်မာနိုင်ငံ၏ မကူးစက်နိုင်သောရောဂါများ ဖြစ်ပွားသေဆုံးမှု အခြေအနေနှင့် Tobacco Legislation နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး Standardized Packaging အမိန့်ပြဌာန်းချက်များကို သက်ဆိုင်ရာ တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍများအလိုက် ရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်