နေပြည်တော် ဖေဖော်ဝါရီ

 

၂၀၂၅ ခုနှစ်၊ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဂုဏ်ပြုဖျော်ဖြေ ပွဲအခမ်းအနားတွင် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကအလှများဖြင့် ဖျော်ဖြေတင်ဆက်ရန် နေပြည်တော်၌ ရောက်ရှိနေသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အကအဖွဲ့များသည် ယနေ့နံနက်ပိုင်း တွင် အဖွဲ့ နှစ်ဖွဲ့ခွဲ၍ နေပြည်တော်ရှိ အထင်ကရနေရာများသို့ ဆက်လက်လေ့လာကြသည်။

 

ဦးစွာ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအကအဖွဲ့များသည် နေပြည်တော်ဗုဒ္ဓဂါယာသို့ ရောက်ရှိကြပြီး သတ္တသတ္တာဟ မဟာဗောဓိစေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုကြကာ မဇ္ဈိမခရီးစဉ် မှတ်တမ်း ဓာတ်ပုံများပြခန်းအတွင်း လှည့်လည်ကြည့်ရှုလေ့လာ၍ ငြိမ်းချမ်းရေးခေါင်းလောင်းတော်ကို တီးခတ်ပူဇော် ကြသည်။

 

ထို့နောက် မြတ်စွာဘုရား ဖွားမြင်တော်မူရာ လုမ္ဗိနီဥယျာဉ်တော်အတွင်း လှည့်လည်ဖူးမြော်ကြပြီး အမှတ်တရ ပစ္စည်းအရောင်းဆိုင်များတွင် အမှတ်တရလက်ဆောင်ပစ္စည်းများ ဝယ်ယူကြသည်။

 

ယင်းနောက် လေ့လာရေးအဖွဲ့သည် နေပြည်တော်ရေပန်းဥယျာဉ်သို့ ရောက်ရှိ လေ့လာကြပြီးရေပန်း၊ သုံးထပ်ရေတံခွန်နှင့် Fountain Park တို့တွင် အမှတ်တရ အလှဓါတ်ပုံများရိုက်ကြသည်။

 

ဆက်လက်၍ လေ့လာရေးအဖွဲ့သည် Junction Centre ၊ ကျောက်မျက်ရတနာပြတိုက်၊ နက္ခတ်တာ ရာပြခန်း၊ ဥပ္ပါတသန္တိစေတီတော်နှင့် လွှတ်တော်အဆောက်အအုံသို့ သွားရောက်လေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)