တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့ကြီး (၁၈) မြို့တွင် ငြိမ်းချမ်းရေးဓမ္မသဘင်ပွဲများ ကျင်းပမည်

ရန်ကုန် ၁၃  ဧပြီ

 

နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ကံ့ကော်ပန်းအဝိုင်းအနီးတွင် တည်းထားကိုးကွယ်လျက်ရှိသော ထာဝရငြိမ်းချမ်းရေးစေတီတော်တွင် ကိန်းဝပ်စံပယ်တော်မူမည့် စကျင်ဗုဒ္ဓရုပ်ပွားတော်များ၊ ရွှေထီးတော်၊ ရွှေငှက်မြတ်နားတော်နှင့် ရတနာစိန်ဖူးတော်များ ဒေသစာရီကြွချီ အပူဇော်ခံမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့ကြီး(၁၈)မြို့တွင် ငြိမ်းချမ်းရေးဓမ္မ သဘင်ပွဲများ ကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။

 

ငြိမ်းချမ်းရေးဓမ္မသဘင်ပွဲများတွင် ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိကမှ ငြိမ်းချမ်းရေး တရားတော်များ ဟောကြားချီးမြှင့်သွားမည်ဖြစ်ပြီး ဓမ္မသဘင်များကို ဧပြီ ၁၉ ရက်တွင် ကျိုက်ထီးရိုး၊ ဧပြီ ၂၀ ရက်တွင် မော်လမြိုင်မြို့၊ ဧပြီ ၂၁ ရက်တွင် ထားဝယ်မြို့၊ ဧပြီ ၂၂ ရက်တွင် ဘားအံမြို့၊ ဧပြီ ၂၃ ရက်တွင် သထုံမြို့၊ ဧပြီ ၂၄ ရက်တွင် ပဲခူးမြို့၊ ဧပြီ ၂၅ ရက်တွင် ပုသိမ်မြို့၊ ဧပြီ ၂၆ ရက်တွင် ဟင်္သာတမြို့၊ ဧပြီ ၂၇ ရက်တွင် ပြည်မြို့၊ ဧပြီ ၂၈ ရက်တွင် မကွေးမြို့၊ ဧပြီ ၂၉ ရက် တွင် ပုဂံမြို့၊ မေ ၁ ရက်တွင် မုံရွာမြို့၊ မေ ၃ ရက်တွင် မန္တလေးမြို့၊ မေ ၇ ရက်တွင် ကျောက်ဆည်မြို့၊ မေ ၈ ရက်တွင် သဲတော ဝမ်းတွင်းမြို့၊ မေ ၉ ရက်တွင် တောင်ကြီးမြို့၊ မေ ၁၀ ရက်တွင် လွိုင်ကော်မြို့နှင့် မေ ၁၁ ရက်တွင် တောင်ငူမြို့တို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

 

“ရန်ကုန်မြို့ကနေ ကျိုက်ထီးရိုးဘုရားရင်ပြင်တော်ကို လာမယ့် ဧပြီ ၁၉ ရက်မှာ ဆက်လက် ပင့်ဆောင် အပူဇော်ခံမှာဖြစ်ပါတယ်။ အဲဒီကနေ မော်လမြိုင်၊ ထားဝယ်အစရှိတဲ့ မြို့ပေါင်း ၂၀ နီးပါးကိုလည်း ဆက်လက်ပင့်ဆောင် အပူဇော်ခံမှာ ဖြစ်ပါတယ်။ ပင့်ဆောင်ပူဇော်ခံထားရှိမယ့် မြို့တိုင်းမှာ ညစဉ်ညတိုင်း ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိက က တရားရေအေး အမြိုက်ဆေး တိုက်ကျွေးချီးမြှင့်သွားမှာ ဖြစ်ပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး သာသနာရေးမှူးရုံးမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးထွန်းမြင့်ဦးက ပြောသည်။

 

mdn

 

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး ထာဝရငြိမ်းချမ်းရေးရရှိရန်၊ ထေရဝါဒဗုဒ္ဓသာသနာ အဓွန့်ရှည် ထွန်းကားပြန့်ပွားစေရန်နှင့် ခုနစ်ရက်သားသမီးများ ဖူးမြော်ပူဇော်နိုင်ရန် ရည်မှန်းကာ နေပြည်တော်တွင် ထာဝရငြိမ်းချမ်းရေး စေတီတော်အား တည်ထားကိုးကွယ်လျက်ရှိပြီး စေတီတော် တွင် ကိန်းဝပ်စံပယ်တော်မူမည့် စကျင်ဗုဒ္ဓရုပ်ပွားတော်များ၊ ရွှေထီးတော်၊ ရွှေငှက်မြတ်နားတော်နှင့် ရတနာစိန်ဖူးတော်များအား တိုင်းဒေသကြီးနှင့်ပြည်နယ် ၁၁ ခုတွင် ဒေသစာရီ လှည့်လည် အပူဇော်ခံ သွားမည်ဖြစ်ရာ ဉာဏ်တော်အမြင့် ၆ ပေရှိ စကျင်ဗုဒ္ဓရုပ်ပွားတော်နှစ်ဆူအား ၂၀၁၉ ခုနှစ် မတ် ၃၁ ရက်မှစတင်၍ ရန်ကုန်မြို့ ရွှေတိဂုံစေတီတော် အနောက်ဘက်မုခ် ယာယီစံကျောင်းနှင့် ဉာဏ်တော်အမြင့် ၃ ပေရှိ စကျင်ဗုဒ္ဓရုပ်ပွားတော်တစ်ဆူ၊ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်ဘုံအဆင့်ဆင့်တို့အား ဧပြီ ၁၀ ရက်မှစတင်၍ ရွှေတိဂုံစေတီတော်ရင်ပြင် ချမ်းသာကြီး တန်ဆောင်၌လည်းကောင်း   ဧပြီ ၁၈ ရက်အထိ အများပြည်သူဖူးမြော်ကြည်ညိုနိုင်စေရန် အပူဇော် ခံထားရှိလျက်ရှိသည်။

 

ဟန်လင်းနိုင်