ပုသိမ်    ဖေဖော်ဝါရီ    ၅

တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ဂေါက်သီးရိုက်အသင်း၊ မြန်မာ့သိုင်းအသင်း၊ အေရိုးဗစ်အသင်းနှင့် အလေးမအသင်းများကို ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်က ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ဖေဖော်ဝါရီ ၄ ရက် ညနေပိုင်းက တွေ့ဆုံကာ လမ်းညွှန်သြဝါဒစကားပြောကြားပြီး အောင်နိုင်ရေးအလံ ပေးအပ်ခဲ့သည်။

အခမ်းအနားတွင် သွားရောက်ယှဉ်ပြိုင်ကြမည့် အားကစားအသင်းများမှ အုပ်ချုပ်/နည်းပြများက အားကစားသမားများနှင့် တစ်ဖွဲ့ချင်းမိတ်ဆက်ပေးပြီး အသင်းဖွဲ့စည်းထားရှိမှုနှင့် ယှဉ်ပြိုင်ရန် ပြင်ဆင်ထားမှုများ၊ အားကစားသမား ရွေးချယ်ပုံများကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက သွားရောက်ယှဉ်ပြိုင်ကြမည့် အားကစားသမားများကို လမ်းညွှန်သြဝါဒစကား ပြောကြားပြီး အားကစားအသင်းများသို့ အောင်နိုင်ရေးအလံများ အသီးသီး ပေးအပ်ကာ ဂေါက်သီးရိုက်ပြိုင်ပွဲဝင်အသင်းအတွက် ငွေကျပ် ၅ သိန်း၊ မြန်မာ့သိုင်းပြိုင်ပွဲဝင်များအတွက် ငွေကျပ် ၁၈ သိန်း၊ အေရိုးဗစ်ပြိုင်ပွဲဝင်များအတွက် ငွေကျပ် ၇ သိန်း၊ အလေးမအားကစား ယှဉ်ပြိုင်သူများ အတွက် ၁၄ သိန်းတို့ကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ပုသိမ်(ပြန်/ဆက်)