တိုင်းဒေသကြီးနှင့်ပြည်နယ် ကြက်တောင်ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနား ကျင်းပ

နေပြည်တော် ၁၀  မေ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အားကစားနှင့်ကာယပညာ ဦးစီးဌာန မြန်မာနိုင်ငံကြက်တောင် အဖွဲ့ချုပ်တို့ ပူးပေါင်း၍ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်သော လူငယ်/လူရွယ်များ ဖြစ်ပေါ်လာစေရေး၊ ကြက်တောင်အားကစားနည်းကို ယခုထက်ပိုမို တိုးတက်ဖွံ့ဖြိုးလာစေရေးနှင့် မျိုးဆက်သစ်အားကစား သမားများ စဉ်ဆက်မပြတ် ထွက်ပေါ်လာစေရေးတို့အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ် အားကစားပြိုင်ပွဲများကို နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိပြီး ၂၀၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ကြက်တောင်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားနှင့် အုပ်စုပွဲစဉ်များကို ယနေ့နံနက် ၈ နာရီတွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ (C)၌ ကျင်းပသည်။

ရှေးဦးစွာပြိုင်ပွဲဝင်အသင်းများ ကွင်းအတွင်းနေရာယူပြီးနောက် ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်က အမှာစကား ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမြသန်းထိုက်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ အမျိုးသားလွှတ်တော် ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှု ဆိုင်ရာကော်မတီအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်ပိုင်နှင့် တာဝန်ရှိသူများသည် ပြိုင်ပွဲဝင်အသင်းများအား လိုက်လံနှုတ်ဆက်ကြ ပြီးနောက် အမျိုးသမီး အုပ်စုပြိုင်ပွဲများ အဖြစ် အသင်းလိုက်ပြိုင်ပွဲများကို ကြည့်ရှုအားပေးသည်။

 

mdn

 

အဆိုပါ တိုင်းဒေသကြီးနှင့်ပြည်နယ် ကြက်တောင်ပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ပြိုင်ပွဲဝင် အမျိုးသားအသင်း(၁၄)သင်းနှင့် အမျိုးသမီးအသင်း (၁၂)သင်း၊ အားကစားသမားစုစုပေါင်း (၂၁၀)ဦး တို့သည် မေ(၁၀)ရက်မှ (၁၃)ရက်ထိ ဝဏ္ဏသိဒ္ဓိ အားကစားရုံ(C)၌ နေ့စဉ်နံနက်(၉)နာရီတွင် အမျိုးသား/ အမျိုးသမီး အုပ်စုပြိုင်ပွဲများအဖြစ် အသင်းလိုက်ပြိုင်ပွဲများကို စတင်ယှဉ်ပြိုင်ကစားကြမည် ဖြစ်ပါသဖြင့် ကြက်တောင်အားကစားနည်းကို စိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုနိုင်ပါကြောင်း သိရသည်။

(သတင်းစဉ်)