ရန်ကုန် ၁၃ နိုဝင်ဘာ
၂၀၁၉ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် တင်းနစ်ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉) နာရီက ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သိမ်ဖြူတင်းနစ်ကွင်း၌ကျင်းပရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးကျော်ဆန်း၊ ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ မြန်မာနိုင်ငံ တင်းနစ်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသန်းလွင်၊ အတွင်းရေးမှူးနှင့် အမှုဆောင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်မှ ပြိုင်ပွဲဝင်အသင်း အုပ်ချုပ်သူနည်းပြ နှင့် ကစားသမားများတက်ရောက်ကြသည်။
ရှေးဦးစွာ အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက အဖွင့်အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ် ဥက္ကဋ္ဌနှင့်အတူ ပြိုင်ပွဲဝင်အသင်းများအား လိုက်လံနှုတ်ဆက် အားပေးခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အမျိုးအစား (၇) မျိုးဖြင့် အမျိုးသားအသင်းလိုက်ပြိုင်ပွဲ၊ အမျိုးသမီးအသင်းလိုက်ပြိုင်ပွဲ၊ အမျိုးသား တစ်ဦးချင်း ပြိုင်ပွဲ၊ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ၊ အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲ၊ အမျိုးသမီးနှစ်ယောက်တွဲ ပြိုင်ပွဲ၊ အမျိုးသား + အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲများဖြစ်ကြပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်မှ အသင်း(၁၃)သင်း၊ ကစားသမားစုစုပေါင်း (၁၂၂) ဦး တို့သည် နိုဝင်ဘာ (၁၈) ရက် အထိ နံနက်(၈)နာရီမှ ညနေ(၄)နာရီအထိ ကျင်းပယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်းသိရှိရသည်။
MDN