နေပြည်တော် ၁၈ ဧပြီ
မြန်မာနိုင်ငံအနေဖြင့် မိုးကြိုကာလများဖြစ်သော မတ်၊ ဧပြီနှင့် မေလများအတွင်း လေပြင်းတိုက်ခတ်ခြင်း၊ မိုးတိမ်တောင်များ ဖြစ်ပေါ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်းများ ဖြစ်ပေါ်လေ့ရှိပြီး ယခုနှစ်တွင်လည်း လေပြင်းတိုက်ခတ်မှုများ စတင်ဖြစ်ပွားလျက်ရှိရာ ဧပြီ ၁၇ ရက်တွင် ဧရာ၀တီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၌ နေအိမ်(၇)လုံး ပြိုကျပျက်စီးပြီး၊ နေအိမ် (၉၆)လုံးနှင့် ဘုန်းကြီးကျောင်း (၁)ကျောင်း အမိုးအကာလန် ပျက်စီးခြင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်၌ နေအိမ် (၂၁)လုံး၊ အရာတော်မြို့နယ်တွင် နေအိမ်(၃)လုံး စုစုပေါင်း နေအိမ်(၂၄)လုံး အမိုးအကာလန် ပျက်စီးခြင်း၊ ရှမ်းပြည်နယ်၊ မိုင်းခတ်မြို့နယ်တွင် နေအိမ်(၄)လုံး၊ ဖယ်ခုံမြို့နယ်တွင် နေအိမ်(၁)လုံး စုစုပေါင်း နေအိမ်(၅)လုံး အမိုးအကာလန်ပျက်စီးခြင်း၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ နေအိမ်(၄)လုံး အမိုးအကာလန် ပျက်စီးခြင်း၊ ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်တွင် နေအိမ်(၉)လုံးနှင့် ဘာသာရေးကျောင်း(၁) ကျောင်း အမိုးအကာလန်ပျက်စီးခြင်းနှင့် လူ(၁)ဦး သေဆုံးခြင်းတို့ ဖြစ်ပွားခဲ့သည်။
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်ရုံးများမှ တာဝန်ရှိသူများသည် လေပြင်းတိုက်ခတ်မှုဖြစ်ပွားရာ နေရာများသို့ သွားရောက်ထောက်ပံ့မှုများ ဆောင်ရွက်လျက်ရှိရာ ဆန်ရိက္ခာဖိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုးများ စုစုပေါင်း (၅,၆၀၀,၀၀၀/-) ကျော် (ကျပ်ငါးဆယ့်ခြောက်သိန်း ကျော်) ထောက်ပံ့ထားရှိပြီး ထောက်ပံ့မှုများ ဆက်လက် ဆောင်ရွက်လျက်ရှိသည်။
ပြည်သူလူထုအနေဖြင့်လည်း ယခုကာလ၌ ဖြစ်ပွားတတ်သည့် လေပြင်းတိုက်ခတ်ခြင်း၊ အချိန်အခါမဟုတ် မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ မိုးသီးကြွေခြင်းတို့နှင့် ပတ်သက်၍ အထူးဂရုပြု နေထိုင်ကြပါရန်နှင့် သဘာ၀ ဘေးအန္တရာယ်များနှင့် ပတ်သက်၍ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာနတွင် ဖွင့်လှစ်ထားရှိသည့် Hot-line ဖုန်းများဖြစ်သော ၀၆၇-၃၄၀၄၆၆၆ နှင့် ၀၆၇-၃၄၀၄၇၇၇ တို့သို့ ဆက်သွယ် အကူအညီ တောင်းခံနိုင်ကြောင်း သိရသည်။
သတင်းစဉ်