နေပြည်တော် ၁၂ မေ
မြန်မာနိုင်ငံအနေဖြင့် မိုးကြိုကာလများဖြစ်သော မတ်လ၊ ဧပြီလနှင့် မေလများအတွင်း လေပြင်းတိုက်ခတ်ခြင်း၊ မိုးတိမ်တောင်များဖြစ်ပေါ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်းများ ဖြစ်ပေါ်လေ့ရှိပြီး ယခုနှစ်တွင်လည်း လေပြင်းတိုက်ခတ်မှုများ ဖြစ်ပွားလျက်ရှိရာ မေ ၁၁ ရက်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ မြို့နယ်(၃)ခု၌ နေအိမ်(၅)လုံး ပြိုကျပျက်စီးပြီး နေအိမ်(၁၀၀) အမိုးအကာလန်ပျက်စီးခြင်း၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၌ နေအိမ်(၁၀)လုံးနှင့် ဘာသာရေးအဆောက်အဦ (၁)လုံး အမိုးအကာလန်ပျက်စီးခြင်း၊ ကရင်ပြည်နယ်၊ မြို့နယ်(၅)ခု၌ နေအိမ်(၆)လုံး ပြိုကျပျက်စီးပြီး နေအိမ်(၅၅)လုံးနှင့် ဘာသာရေးအဆောက်အဦ (၅)လုံး အမိုးအကာလန်ပျက်စီးခြင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မြို့နယ်(၄)ခု၌ နေအိမ်(၂)လုံး ပြိုကျပျက်စီးပြီး နေအိမ်(၁၆)လုံး အမိုးအကာလန်ပျက်စီးခြင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ မြို့နယ်(၂)ခု၌ နေအိမ်(၂)လုံး ပြိုကျပျက်စီးပြီး နေအိမ်(၁)လုံးနှင့် ဘာသာရေးအဆောက်အဦ(၁)လုံး အမိုးအကာလန်ပျက်စီးခြင်း၊ ပဲခူးတိုင်းဒေသကြီး၊ မြို့နယ်(၄)ခု၌ နေအိမ်(၁၄၇)လုံး ပြိုကျပျက်စီးပြီး နေအိမ်(၆၂၀) အမိုးအကာလန်ပျက်စီးခြင်း ဖြစ်ပွားခဲ့သည်။
အလားတူ မကွေးတိုင်းဒေသကြီး၊ မြို့နယ်(၈)ခု၌ နေအိမ်(၂၀) ပြိုကျပျက်စီးပြီး နေအိမ်(၉၇၄)လုံးနှင့် ဘာသာရေးအဆောက်အဦ(၉)လုံး အမိုးအကာလန်ပျက်စီးခြင်း၊ မန္တလေးတိုင်းဒေသကြီး၊ မြို့နယ်(၇)ခု၌ နေအိမ်(၁)လုံး ပြိုကျပျက်စီးပြီး နေအိမ်(၂၇၅)လုံးနှင့် ဘာသာရေးအဆောက်အဦ (၆)လုံး အမိုးအကာလန်ပျက်စီးခြင်း၊ မွန်ပြည်နယ်၊ ရေးမြို့နယ်၌ နေအိမ်(၁)လုံး ပြိုကျပျက်စီးခြင်း၊ ရှမ်းပြည်နယ်၊ မြို့နယ်(၅)ခု၌ နေအိမ်(၂)လုံးနှင့် ဘာသာရေးအဆောက်အဦ(၁)လုံး ပြိုကျပျက်စီးပြီး၊ နေအိမ်(၅၀)လုံးနှင့် ဘာသာရေးအဆောက်အဦ(၁)လုံး အမိုးအကာလန် ပျက်စီးခြင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ မြို့နယ်(၂)ခု၌ နေအိမ်(၃)လုံးနှင့် ဘာသာရေးအဆောက်အဦ(၁)လုံး ပြိုကျပျက်စီးပြီး နေအိမ်(၆၂)လုံး အမိုးအကာလန်ပျက်စီးခြင်းတို့ ဖြစ်ပွားခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်ရုံးများမှ ထောက်ပံ့မှုများ အမြန်ဆုံး သွားရောက်ဆောင်ရွက်သည်။
သို့ပါ၍ မေ ၉ ရက်မှ မေ ၁၂ ရက်အထိ မြန်မာနိုင်ငံတစ်ဝန်း၌ လေပြင်းတိုက်ခတ်မှုများကြောင့် နေအိမ်(၆၈၉)လုံးနှင့် ဘာသာရေးအဆောက်အဦ(၁၈)လုံး ပြိုကျပျက်စီးခြင်း၊ နေအိမ် (၉၃၅၁)လုံးနှင့် ဘာသာရေးအဆောက်အဦ (၁၆၉)လုံး အမိုးအကာလန်ပျက်စီးခြင်းများ ဖြစ်ပွားခဲ့ပြီး လူ(၆)ဦး သေဆုံးခဲ့သည်။ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဆန်ရိက္ခာဖိုး၊ အိမ်ဆောက်ပစ္စည်းဖိုး၊ ကယ်ဆယ်ရေးပစ္စည်းဖိုးများနှင့် သေဆုံးသူထောက်ပံ့ခြင်းများအတွက် စုစုပေါင်း ငွေကျပ် (၄၄၉ဒသမ၅) သန်းကျော် ထောက်ပံ့ခဲ့ပြီးဖြစ်သည်။
ပြည်သူလူထုအနေဖြင့်လည်း ယခုကာလ၌ဖြစ်ပွားတတ်သည့် လေပြင်းတိုက်ခတ်ခြင်း၊ အချိန်အခါမဟုတ် မိုးသည်းထန်စွာရွာသွန်းခြင်း၊ မိုးသီးကြွေခြင်း၊ မိုးကြိုးပစ်ခြင်းတို့နှင့် ပတ်သက်၍ အထူးဂရုပြုနေထိုင်ကြပါရန်နှင့် သဘာ၀ဘေးအန္တရာယ်များနှင့် ပတ်သက်၍ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာနတွင် ဖွင့်လှစ်ထားရှိသည့် Hot-line ဖုန်းများဖြစ်သော ၀၆၇-၃၄၀၄၆၆၆ နှင့် ၀၆၇-၃၄၀၄၇၇၇ တို့သို့ ဆက်သွယ်အကူအညီ တောင်းခံနိုင်ကြောင်း သိရသည်။
သတင်းစဉ်


