နေပြည်တော် ၂၈ မေ
မြန်မာနိုင်ငံတွင် ယခုကာလအတွင်း၌ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွခြေင်းများ ဖြစ်ပွားလျက်ရှိရာ မေ ၂၇ ရက်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ နေအိမ်(၂)လုံး အမိုးအကာလန် ပျက်စီးခြင်း၊ ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦး၊ သာယာဝတီနှင့် နတ္တလင်းမြို့နယ်တို့၌ နေအိမ်(၆၁)လုံး အမိုးအကာလန်ပျက်စီးခြင်း၊ မကွေးတိုင်းဒေသကြီး၊ ချောက်၊ မကွေး၊ မြို့သစ်၊ ရေနံချောင်း၊ နတ်မောက်၊ မင်းဘူးနှင့် စလင်းမြို့နယ်တို့၌ နေအိမ်(၁၂)လုံးပြိုကျပျက်စီးပြီး နေအိမ်(၁၃၁)လုံးနှင့် ဘာသာရေး အဆောက်အဦ(၅)လုံး အမိုးအကာလန်ပျက်စီးခြင်း၊ မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်း၊ ပျော်ဘွယ်၊ တောင်သာနှင့် မြင်းခြံမြို့နယ်တို့၌ နေအိမ်(၁)လုံး ပြိုကျပျက်စီးပြီး နေအိမ်(၁၇)လုံး အမိုးအကာလန်ပျက်စီးခြင်းတို့ ဖြစ်ပွားခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်ရုံးများမှ ထောက်ပံ့မှုများ အမြန်ဆုံး သွားရောက်ဆောင်ရွက်ခဲ့သည်။
အလားတူ ဧပြီ ၉ ရက်မှ မေ ၂၈ ရက်အထိ မြန်မာနိုင်ငံတစ်ဝန်း၌ လေပြင်းတိုက်ခတ်မှုနှင့် မိုးသီးကြွကျေမှုတို့ကြောင့် နေအိမ်(၈၄၈)လုံးနှင့် ဘာသာရေး အဆောက်အဦ (၁၆)လုံး ပြိုကျပျက်စီးခြင်း၊ နေအိမ်(၁၁၉၉၄)လုံးနှင့် ဘာသာရေးအဆောက်အဦ (၂၃၇)လုံး အမိုးအကာလန် ပျက်စီးခြင်းနှင့် လူ(၈)ဦးသေဆုံးပြီး လူ(၂၆)ဦး ဒဏ်ရာရရှိခဲ့သည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဆန်ရိက္ခာဖိုး၊ အိမ်ဆောက်ပစ္စည်းဖိုး၊ ကယ်ဆယ်ရေးပစ္စည်းဖိုးများနှင့် သေဆုံး၊ ဒဏ်ရာရသူ ထောက်ပံ့ခြင်းများအတွက် စုစုပေါင်းကျပ် (၇၀၁ ဒသမ ၈) သန်းကျော် ထောက်ပံ့ခဲ့ပြီးဖြစ်သည်။
ပြည်သူလူထုအနေဖြင့်လည်း ယခုကာလ၌ဖြစ်ပွားတတ်သည့် လေပြင်းတိုက်ခတ်ခြင်း၊ အချိန်အခါမဟုတ် မိုးသည်းထန်စွာရွာသွန်းခြင်း၊ မိုးသီးကြွခြေင်း၊ မိုးကြိုးပစ်ခြင်းတို့နှင့် ပတ်သက်၍ အထူးဂရုပြုနေထိုင်ကြပါရန်နှင့် သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတွင် ဖွင့်လှစ်ထားရှိသည့် Hot-line ဖုန်းများဖြစ်သော ဝ၆၇-၃၄၀၄၆၆၆ နှင့် ဝ၆၇-၃၄၀၄၇၇၇ တို့သို့ ဆက်သွယ်အကူအညီ တောင်းခံနိုင်ကြောင်း သိရသည်။
သတင်းစဉ်


