နေပြည်တော် ၁၉ မေ

 

မြန်မာနိုင်ငံအနေဖြင့် မိုးကြိုကာလများဖြစ်သော မတ်လ၊ ဧပြီလနှင့် မေလများအတွင်း လေပြင်းတိုက်ခတ်ခြင်း၊ မိုးတိမ်တောင်များဖြစ်ပေါ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်းများ ဖြစ်ပေါ်လေ့ရှိပြီး ယခုနှစ်တွင်လည်း လေပြင်းတိုက်ခတ်မှုများ ဖြစ်ပွားလျက်ရှိသည်။

 

မေ ၁၈ ရက်နှင့် မေ  ၁၉ ရက်များတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ မြို့နယ်(၂)ခု၌ နေအိမ် (၉)လုံး အမိုးအကာလန် ပျက်စီးခြင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မြို့နယ်(၄)ခု၌ နေအိမ်(၁) လုံးပြိုကျပျက်စီးပြီး နေအိမ်(၃၉)လုံးနှင့် ဘာသာရေးအဆောက်အဦ(၁)လုံး အမိုးအကာ လန်ပျက်စီးခြင်း၊ ပဲခူးတိုင်းဒေသကြီး၊ မြို့နယ်(၈)ခု၌ နေအိမ်(၅၃)လုံးနှင့် ဘာသာရေး အဆောက်အဦ(၁)လုံး အမိုးအကာလန်ပျက်စီးခြင်း၊ မကွေးတိုင်းဒေသကြီး၊ မြို့နယ်(၁၁)ခု၌ နေအိမ်(၂)လုံးပြိုကျပျက်စီးပြီး နေအိမ်(၈၂)လုံးနှင့် ဘာသာရေး အဆောက်အဦ(၂)လုံး အမိုးအကာလန်ပျက်စီးခြင်း၊ မန္တလေးတိုင်းဒေသကြီး၊ မြို့နယ် (၄)ခု၌ နေအိမ်(၈)လုံး အမိုးအကာလန်ပျက်စီးခြင် ဧရာဝတီတိုင်းဒေသကြီး၊ မြို့နယ်(၃)ခု၌ နေအိမ်(၄)လုံး ပြိုကျပျက်စီးပြီး နေအိမ်(၁) လုံးနှင့် ဘာသာရေး အဆောက်အဦ(၁)လုံး အမိုးအကာလန် ပျက်စီးခြင်းတို့ဖြစ်ပွားခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်းဒေသကြီး/ ပြည်နယ်ရုံးများမှ ထောက်ပံ့မှုများအမြန်ဆုံး သွားရောက်ဆောင်ရွက်ခဲ့သည်။

 

သို့ပါ၍ ဧပြီ ၉ ရက် မှ မေ ၁၉ရက်အထိ မြန်မာနိုင်ငံတစ်ဝန်း၌ လေပြင်းတိုက်ခတ်မှုနှင့် မိုးသီးကြွေကျမှုတို့ကြောင့် နေအိမ်(၇၉၉) လုံးနှင့် ဘာသာရေးအဆောက်အဦ (၁၄)လုံး ပြိုကျပျက်စီးခြင်း၊ နေအိမ်(၁၁၄၄၂)လုံးနှင့် ဘာသာရေး အဆောက်အဦ(၂၂၄)လုံး အမိုးအကာလန် ပျက်စီးခြင်းနှင့် လူ(၇)ဦးသေဆုံးပြီး လူ(၂၄)ဦးဒဏ်ရာရရှိခဲ့သည်။ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ဆန်ရိက္ခာဖိုး၊ အိမ်ဆောက်ပစ္စည်းဖိုး၊ ကယ်ဆယ်ရေးပစ္စည်းဖိုးများနှင့် သေဆုံး၊ ဒဏ်ရာရသူ ထောက်ပံ့ခြင်းများ အတွက် စုစုပေါင်းကျပ်(၆၆၅ ဒသမ ၁) သန်းကျော် ထောက်ပံ့ခဲ့ပြီး ဖြစ်သည်။

 

ပြည်သူလူထုအနေဖြင့်လည်း ယခုကာလ၌ ဖြစ်ပွားတတ်သည့် လေပြင်းတိုက်ခတ်ခြင်း၊ အချိန်အခါမဟုတ် မိုးသည်းထန်စွာရွာသွန်းခြင်း၊ မိုးသီးကြွေခြင်း၊ မိုးကြိုးပစ်ခြင်းတို့နှင့် ပတ်သက်၍ အထူးဂရုပြုနေထိုင်ကြ ပါရန်နှင့် သဘာ၀ဘေးအန္တရာယ်များနှင့် ပတ်သက်၍ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနတွင် ဖွင့်လှစ်ထားရှိသည့် Hot-line ဖုန်းများဖြစ်သော ၀၆၇-၃၄၀၄၆၆၆ နှင့် ၀၆၇-၃၄၀၄၇၇၇ တို့သို့ ဆက်သွယ်အကူအညီ တောင်းခံနိုင်ပါကြောင်း သိရသည်။

 

သတင်းစဉ်